မြောက်ကိုရီးယား အရာရှိ ၂ ဦးကို ကန် ဒဏ်ခတ် အရေးယူ

မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ အတူ တွေ့ရတဲ့ Ri Pyong Chol။

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်တွေမှာ ပါဝင်ပတ်သက်မှုနဲ့ မြောက်ကိုရီးယား အစိုးရ အရာရှိကြီး ၂ ဦးကို အမေရိကန် ပြည်ထောင်စုက အရေးယူဒဏ်ခတ် လိုက်ပါတယ်။

Kim Jong Sik နဲ့ Ri Pyong Chol တို့ ၂ ဦးဟာ မြောက်ကိုရီးယားရဲ့ တရားမဝင် လက်နက်စီမံကိန်းတွေအတွက် အဓိက ဦးဆောင်သူတွေ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Kim Jong Sik ဟာ လောင်စာအရည်ကနေ အခဲလောင်စာ ထုတ်နိုင်အောင် လုပ်ဆောင်မှုအပါအဝင် မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ်ဒုံးကျည် ထုတ်လုပ်ရေးမှာ အဓိကဦးဆောင်သူ တဦးဖြစ်ပြီး Ri Pyong Chol ကတော့ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည် ထုတ်လုပ်ရေးမှာ အဓိကဦးဆောင်သူ ဖြစ်ကြောင်း ဘဏ္ဍာရေးဌာန ကပြောပါတယ်။

ကိုရီးယား ကျွန်းဆွယ်ဒေသမှာ နျူကလီယာကင်းမဲ့စေရေးနဲ့ မြောက်ကိုရီးယားကို အထီးကျန်ဖြစ်အောင် ဖိအား အကြီးအကျယ်ပေးတဲ့ အနေနဲ့ အခုလို မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် ဒုံးကျည်စီမံကိန်းတွေကို ဦးဆောင်သူတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်တာ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin ကပြောပါတယ်။

မြောက်ကိုရီးယား အနေနဲ့ တရားမဝင် ငွေမစုဆောင်း နိုင်အောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယား အပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ဖို့ သောကြာနေ့မှာ တခဲနက် အတည်ပြုခဲ့ပြီးတဲ့နောက် အမေရိကန်က အခုလို အရေးယူလိုက်တာပါ။

တချိန်ထဲမှာပဲ အမေရိကန်ဘက်က ပြင်းပြင်းထန်ထန် ပြောဆိုမှုတွေဟာ ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တင်းမာမှုတွေကို တိုးလာစေတယ် လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က အင်္ဂါနေ့မှာ ပြောပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယား အရာရှိ ၂ ဦးကို ကန် ဒဏ်ခတ် အရေးယူ