ရှမ်းပြည်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ဆက်ရှိနေပေမယ့်၊ လာမယ့် သြဂုတ် ၃၁ ရက်နေ့ကျရင်တော့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ လေးဖွဲ့နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် မမေခ စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။
သြဂုတ်လလယ်မှာ ပြင်ဦးလွင်နဲ့ ကွတ်ခိုင်ဖက်ကို မြောက်ပိုင်းမဟာမိတ်တပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ စစ်ရေးတင်းမာမှုတွေဖြစ်နေချိန်မှာပဲ၊ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်ရေးကိစ္စ ဆွေးနွေးဖို့ ဖြစ်လာတာပါ။ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းအဖွဲ့တို့ မူဆယ်မှာ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်တုန်း ကတော့ နှစ်ဖက် အပစ်ရပ်စာချုပ်ကို မြောက်ပိုင်းတိုင်ရင်းသား မဟာမိတ်အဖွဲ့တွေက အဆိုပြု ကမ်းလှမ်းခဲ့ဖူးပါတယ်။ အခု ကျိုင်းတုံမှာလုပ်မယ့် အစည်းအဝေးကိုတော့ မြောက်ပိုင်း လေးဖွဲ့ဖြစ်တဲ့ KIA ကချင်အဖွဲ့ ၊ TNLA တအောင်းပလောင်အဖွဲ့ ၊MNDAA ကိုးကန့်အဖွဲ့ ၊ AA ရခိုင်အဖွဲ့တွေ တတ်ရောက်လိမ့်မယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင်က ဗွီအိုအေကို ပြောပါတယ်။
“ ကျနော်တို့အဖွဲ့တွေလည်းသွားနေပြီ ရောက်တောင်ရောက်နေပြီ။ ကျိုင်းတုံကိုလေ။ နောက်လက်နက်ကိုင် အဖွဲ့တွေလည်း မနက်ဖြန်ညနေဆို ရောက်မယ်။ အစိုးရဘက်ကလည်း မနက်ဖြန်ကိုရောက်မယ်။ အသေးစိတ်မသိပေမယ့် တောက်လေ ျှာက်ပြော နေတာကတော့ Bilateralနဲ့ ပတ်သတ်တာကို ဆွေးနွေးတာ ပိုများမယ်ထင်ပါတယ်။ အဲဒါတော့ သူတို့ဆွေးနွေးမယ့်အပေါ်မှာပဲ မူတည်မယ် လောလောဆယ်တော့ ဆွေးနွေးမယ့် အချက်အလက်ပေါ်မူတည်ပြီး ၂ရက်လည်းဖြစ်ချင်ဖြစ်သွားမှာပေါ့။ မပြောတတ်ပါဘူး”
ဒီလိုတွေ့ဆုံဖို့ မြောက်ပိုင်းအဖွဲ့တွေကို တရုတ်နိုင်ငံဘက်က ဖိအားပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒါနဲ့ပတ်သတ်လို့ TNLA တအန်း(ပလောင်)၊ AA ရခိုင်အဖွဲ့တွေကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး.။
ဒါပေမယ့်လည်း MNDAA/TNLA နဲ့ AA သုံးဖွဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှတော့ တရုတ် မြန်မာ နယ်စပ် တည်ငြိမ်ရေးအတွက် သူတို့ဖက်က အစွမ်းကုန် ကြိုးပမ်းပေမယ့်၊ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကို မြန်မာစစ်တပ်ဖက်က အလေးမထားတာ ကြောင့် တွေ့ဆုံမှုတွေ ဟာ မျှော်မှန်းသလို ဖြစ်မလာဘူးလို့ ပြောထားပါတယ်။ သူတို့ကို တဖက်သက် လက်နက်ချခိုင်းတာတွေ ကြောင့်လည်း ဆွေးနွေးမှုတွေအလုပ်မဖြစ်အောင် မြန်မာစစ်တပ်ဖက်က လုပ်နေတယ်လို့လည်း စွတ်စွဲထားပါတယ်။
အခုလို နှစ်ဖက် စစ်ရေးအရှိန်မြင့်နေချိန်မှာ အပစ်ရပ်ရေးကိစ္စကို ဒီဆွေးနွေးပွဲအတွင်း အဓိက ဆွေးနွေးမယ်လို့ ယူဆရပါတယ်။ နှစ်ဖက်စလုံးက လိုလိုလားလားဖြေရှင်းမှ အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်မယ်လို့တော့ မြန်မာ့ငြိမ်း ချမ်းရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က သုံးသပ်ပါတယ်။
“ ဒီအနေအထားမှာတော့ မြောက်ပိုင်း ၃ဖွဲ့နဲ့ ပြစ်ခတ်ရပ်စဲရေးကတော့ သိပ်တော့ မလွယ်လှဘူး ထင်တယ်။ တဖက်ဖက်ကနေပြီး တော့လိုက်လျောမှုရှိရှိသဘောထားကြီးကြီးနဲ့ လိုက်လျောဖြေရှင်းတာ လုပ်နိုင်မှ ပြဿနာပြေရှင်းမယ်ထင်တယ်။ မြောက်ပိုင်းမ ဟာမိတ်တွေနဲ့ပတ်သတ်တဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ကတော့ တိုးတက်မှု ရှိဖို့ ခက်ခဲမယ်ထင်ပါတယ်။”
နှစ်ဘက်ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ တစ်ချိန်တည်းမှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲ အရှိန်မြင့် နေပြီး ကွတ်ခိုင် နဲ့ မူဆယ် လမ်းပိုင်းမှာ ကုန်တင် ၁၂ဘီးကားတစီး မီးလောင်ကျွမ်း ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကချင်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ စစ်တိုင်းဒေသ ၅ခုမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က စစ်ရေးလှုပ်ရှားတာတွေ ကို ၄ လတာ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သလို အဲဒီ ၄ လ သက်တမ်းပြည့်တဲ့ ဧပြီလ ၃၀ ရက်နေ့မှာလည်း နောက်ထပ် ၂ လ ထပ်မံတိုးမြင့်ကြောင်း ကြေညာထားပါတယ်။ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေကတော့ စစ်တိုင်းဒေသ ၅ခုအပြင် ရခိုင်ပြည်နယ် မှာပါ ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းဖို့ တောင်းဆိုထား ပါတယ်။
မကြာခင် ဒီလကုန်ပိုင်းမှာ ဒီအပစ်ရပ်ထပ်တိုးကာလက ကုန်ဆုံးတော့မှာဖြစ်လို့ နောက်ထပ် အပစ်ရပ်ထပ်တိုးဖို့နဲ့ လက်ရှိစစ်ပွဲ ရှိန်လျော့နိုင်ဖို့က ဒီကျိုင်းတုံဆွေးနွေးပွဲရလဒ်မှာမူတည်နေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
Your browser doesn’t support HTML5