မြောက်ကိုရီးယားက သူ့ရဲ့ ၆ ကြိမ်မြောက် နျူးကလီးယား စမ်းသပ်မှုကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီတကြိမ်ကတော့ တိုက်ချင်းပစ် ဒုံးကျည်မှာ တပ်ဆင်နိုင်မယ့် Thermonuclear Hydrogen ဗုံးကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တာလို့ ပြောဆိုထားပါတယ်။
တိုက်ချင်းပစ် ဒုံးကျည်မှာ တပ်ဆင် သယ်ဆောင် နိုင်ဖို့ ရည်ရွယ်တဲ့ H ဗုံးက မဟာဗျူဟာမြောက် နျူးကလီးယား အင်အား တရပ်ကို ဖွဲ့စည်းတည်ဆောက်မယ့် ကိုရီးယား အလုပ်သမား ပါတီရဲ့ စီမံကိန်းအတိုင်း ဆောင်ရွက်တာ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းက ကြေညာပါတယ်။
KCNA သတင်းအေဂျင်စီကနေ ၂၀၁၂ ခုနှစ်မှာ ပင်စင်ယူထားပြီး အရေးကြီး ကိစ္စတွေ ရှိရင် ပြန်ပြီး ထွက်လာတတ်တဲ့ သတင်းကြေညာသူ Ri Chun Hee က "ကျနော်တို့ရဲ့ တိုက်ချင်းပစ် ဒုံးကျည်မှာ တပ်ဖို့ ရည်ရွယ်တဲ့ ဟိုဒရိုဂျင်ဗုံး စမ်းသပ်မှုက အပြစ်အနာအဆာ မရှိ အောင်မြင်ပါခဲ့ပါတယ်လို့ ကြေညာသွားတာပါ။" နျူးကလီးယား ဖောက်ခွဲမှုကနေ လေထုထဲကို ရေဒီယို ဓာတ်သတ္တိကြွ ရောင်ခြည် ယိုစိမ့်မှုလည်း မရှိဘူးလို့ သတင်းကြေညာသူ Ri က ပြောဆိုသွားပါတယ်။ ဒီစမ်းသပ်မှုကို အတည်ပြုနိုင်ဖို့ အမေရိကန်နဲ့ ဂျပန်လေယဉ်တွေဟာ အထူးစောင့်ကြည့်ကိရိယာတွေနဲ့ လေထုတိုင်းတာမှုတွေ လုပ်နေကြပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယား စပ်သပ် ပစ်လွှတ်ရာ Punggye-ri ဒေသမှာတော့ ဖောက်ခွဲမှုကြောင့် ငလျင် နှစ်ခု လှုပ်ခတ်ခဲ့တာကို ဖမ်းမိခဲ့တယ်လို့ အမေရိကန်နဲ့ တရုတ် အစိုးရ မြေငလျင် တိုင်းတာရေး ပညာရှင်တွေက ပြောဆိုကြပါတယ်။ ဂျပန် တောင်ကိုရီးယားအာဏာပိုင်တွေနဲ့ အမေရိကန်ပြည်ထောင်းစုက အစိုးရပိုင်းကမဟုတ်တဲ့ ပညာရှင်အများအပြားကလည်း ငလျှင်လှုပ်ခတ်မှုဟာ နျူးကလီးယား စမ်းသပ်မှုကြောင့် ဖြစ်ပုံရတယ်လို့ ပြောဆို အတည်ပြုခဲ့ကြပါတယ်။
မြောက်ကိုရီးယားကို ရေနံတင်ပို့မှု ကန့်သတ်တာအအပါအဝင် နောက်ထပ် စီးပွားရေးဒဏ်ခတ်အရေးယူမှုတွေလုပ်ဖို့ ဂျပန်အစိုးရအတွင်းဝန်က ကုလသမဂ္ဂကို တောင်းဆိုထားပါတယ်။ မြောက်ကိုရီးယား အနေနဲ့ လွဲချော်နေတဲ့ လုပ်ရပ်တွေကို ရပ်ဖို့နဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်တွေကို လေးစားဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပါတယ်။ တောင်ကိုရီးယား အစိုးရဘက်ကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ မြောက်ကိုရီးယားကို လုံး၀ အထီးကျန် ဖြစ်သွားစေရေး ဒဏ်ခတ်ပိတ်ဆိုမှုသစ်တွေ ချမှတ်ဖို့ အပါအဝင် အပြင်းထန်ဆုံး တုံ့ပြန်ဖို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Your browser doesn’t support HTML5