မုန်းမြို့နယ်တွင်း ရေဘေးကူညီရေး အနှောင့်အယှက်ကြုံ

စစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်လို့ မုန်းမြို့နယ် ရန်မျိုးအောင်ကျေးရွာ နေအိမ်တလုံးပျက်စီးတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း) မြို့နယ်ထဲမှာရှိတဲ့ရေဘေးသင့် ကျေးရွာတွေကို ကူညီကယ်ဆယ်ဖို့လာတဲ့ ပရဟိတအဖွဲ့အစည်းတွေကို မုန်းမြို့နယ် စစ်တောင်းအနောက်ဘက်ခြမ်း ကညွတ်ကွင်းအခြေစိုက်ခမရ-၄၃၉ စစ်တပ်ကဟန့်တားတာ၊ လက်နက်ကြီးနဲ့ပစ်တာတွေလုပ်တယ်လို့ ဒေသခံပရဟိကယ်ဆယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူတွေကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း) မြို့နယ်ထဲမှာရှိတဲ့ရေဘေးသင့်ကျေးရွာတွေကို ကူညီကယ်ဆယ်ဖို့လာတဲ့ ပရဟိတအဖွဲ့အစည်းတွေကို စစ်တပ်ကဟန့်တားတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာလုပ်တယ်လို့ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီက စက်တင်ဘာ ၂၀ ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒေသခံရေဘေးသင့်ပြည်သူတွေဆီကိုလာတဲ့ ပရဟိတအဖွဲ့အစည်းတွေကို ဟန့်တားရုံသာမက ပစ္စည်းတွေသိမ်းတာတွေပါရှိတယ်လို့လည်း ဒေသခံကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

“အခု ပရဟိတလာတဲ့သူတွေကို သူက ရွာတွေရှိရာနေရာတွေကိုအရှေ့ကို ပေးမသွားဘူး။ ပါလာတဲ့ကုန်ခြောက်တွေ၊ အခြောက်အခြမ်းတွေကို ပစ္စည်းတွေလိုက်သိမ်းပစ်တယ်။ အဲဒီလိုသိမ်းပြီး သူတို့က ပြန်မောင်းထုတ်တယ်။ ရတဲ့ပစ္စည်းနဲ့ တခြားလမ်းကသွားမယ်ဆိုတော့လည်း သူတို့က သွားတဲ့လမ်းတွေကို အနောက်ကနေလက်နက်ကြီးနဲ့ လှမ်းထုတယ်။ ရေစကြီးကတည်းက လေးငါးရက်အထိ ပေးမသွားဘူး။ အကုန်လုံးပိတ်တားတယ်။ ရွာထဲကိုပဲလက်နက်ကြီးနဲ့ ပစ်ထုတယ်။ အဲဒီ ၄၃၉ စစ်တပ်ကပေါ့။ ရွာထဲကိုနောက်ပိုင်းလာတဲ့သူတွေထဲမှာတော့ မူဆလင်အဖွဲ့တချို့လည်းပါလာတယ်။သူတို့လာတဲ့ တဖွဲ့နှစ်ဖွဲ့ကတော့ အိမ်တွေထိ လိုက်ကယ်ဆယ်ကြတယ်။”

အဲဒီနေရာတွေမှာ ကျေးရွာတွေကို စစ်တပ်က မကြာခဏ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးနေရတာဖြစ်ပြီး အဲဒီဒေသမှာ စစ်ဘေးကော၊ ရေဘေးဒဏ်ပါခံစားနေရတဲ့ရွာသား ၅၀,၀၀၀ ထက်မနည်းရှိနေတာပါ။ စစ်ဘေးကြုံနေချိန် ထပ်ပြီးတော့ ရေဘေး ကြုံလာတဲ့အခါမှာ စားသောက်ရေးအတွက် ပိုပြီးတော့အခက်အခဲရှိလာတယ်လို့လည်းပြောပါတယ်။

“သူတို့ (စစ်တပ်) က ပုံမှန်ပဲ ပြည်သူကိုပဲအမုန်းထားပြီး ဒုက္ခပေးတာပါ။ သူတို့က PDF နဲ့ KNU ကို မတိုက်နိုင်ဘဲ ရွာကပြည်သူတွေကိုပဲ ဒုက္ခပေးတာ ဒီမှာက ရေတွေကြီးနေတော့လူတွေလည်းအကုန်ဒုက္ခရောက်နေကြတုန်း သူတို့က ဒုက္ခထပ်ပေးတော့ စာရေးသောက်ရေး ကြပ်တည်းပြီး လူတွေကမသေရုံတမယ်ပဲကျန်တော့တယ်။ ဒီတခါရေကြီးတာကလည်းတော်တော်အခြေအနေဆိုးတယ်။ ဟိုအရင်နှစ်တွေကထက် ပိုဆိုးတယ်။ တော်တော်လည်း အသည်းအသန်ဖြစ်တယ်။ ရေကြီးတာ ရွာပေါင်းလည်း ၁၀၀ ကျော်သွားပြီ။”

ညောင်လေးပင်ခရိုင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီတပ်တွေနဲ့ KNU, PDF ပူးပေါင်းတပ်တွေ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ အများဆုံးဖြစ်တဲ့ခရိုင်ဖြစ်ပြီး စစ်တပ်ရဲ့ တပ်စခန်းတွေလည်း လက်လွှတ်ဆုံးရှုံးရတဲ့ခရိုင်လည်းဖြစ်ပါတယ်။ အဲဒီဒေသမှာ စစ်ဘေးရှောင်အများဆုံးရှိနေပြီး အခုအခါမှာတော့ စစ်ဘေးသာမက ရေဘေးဒဏ်ကိုပါကြုံတွေ့နေရတဲ့ဒေသလည်း ဖြစ်ပါတယ်ရှင်။

Your browser doesn’t support HTML5

မုန်းမြို့နယ်တွင်း ရေဘေးကူညီရေး အနှောင့်အယှက်ကြုံ