ပါကစ္စတန်ဝန်ကြီးချုပ်သစ် Imran Khan က အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ နိုင်ငံစီးပွားရေး အကျပ်အတည်းဆိုက်နေတာကို ဖြေရှင်းဖို့ အစိုးရအသုံးစရိတ် ဖြတ်တောက်ရေးတွေအပါအဝင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကျယ်ပြန့်တဲ့အစီအစဉ်တွေကို တနင်္ဂနွေနေ့ညက တနိုင်ငံလုံးကိုပြောတဲ့ ပထမဆုံးမိန့်ခွန်းထဲမှာ ချပြ ပြောဆိုသွားပါတယ်။
နာမည်ကျော် ခရစ်ကက်အားကစားသမားဘဝကနေ နိုင်ငံရေးခေါင်းဆောင်ဖြစ်လာသူ အသက် ၆၅ နှစ်အရွယ် Khan ဟာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီး နောက်တရက်မှာပဲ တနိုင်ငံလုံးကို မိန့်ခွန်းပြောတာပါ။ စီးပွားရေးအကျပ်အတည်း လျော့ပါးသက်သာစေဖို့နဲ့ ပြည်ပကြွေးမြီ ဒေါ်လာ ၉၅ ဘီလီယံလောက်တင်နေတာကို ဖြေရှင်းရေး ခြိုးခြံချွေတာတဲ့ အစီအစဉ် တွေကို သူ့ရဲ့ ပါကစ္စတန် Tehreek-i-Insaf PTI ပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရက ချမှတ်လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် Khan ကပြောပါတယ်။
“ဝန်ကြီးချုပ် အိမ်တော်မှာ ဝန်ထမ်း ၅၂၄ ယောက် ခန့်ထားတယ်ဆိုတာ ရှက်ဖို့ကောင်းပါတယ်။ မော်တော်ကား အစီး ၈၀ ရှိပြီး အဲဒီ ထဲက ၃၃ စင်းဟာ ကျည်ကာကားတွေဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် Khan ကပြောပါတယ်။
ဝန်ထမ်း နှစ်ယောက်နဲ့ ကားနှစ်စီးပဲ သူဆက်ထားမှာဖြစ်ပြီး ကျန်တဲ့ကားတွေကို လေလံတင်ပြီးတော့ ရတဲ့ငွေကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် အပ်ထားမယ်လို့ ပြောပါတယ်။
အစ္စလာမ်မာဘတ်မြို့တော်မှာရှိတဲ့ နန်းတော်သဖွယ် ဝန်ကြီးချုပ် အိမ်တော်ဝင်းထဲက အိမ်ငယ်လေးတလုံးမှာပဲ သူနေပြီး ကျန်တဲ့ နေရာတွေကို “ကမ္ဘာ့အဆင့်မီ သုတေသနတက္ကသိုလ်” တခု တည်ဆောက်ဖို့ အသုံးပြုသွားမယ်လို့လည်း ဝန်ကြီးချုပ် Khan ကပြောပါတယ်။
Your browser doesn’t support HTML5
ပါကစ္စတန်ဝန်ကြီးချုပ်သစ် Khan ခြိုးခြံချွေတာရေးအစီအစဉ်ကြေညာ