ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်အပြင်ဘက်နားမှာ မနေ့ နိုဝင်ဘာ ၂၅ ရက်နေ့နှောင်းပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့နဲ့ အကျဥ်းကျခံထားရတဲ့ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ထောက်ခံသူတွေကြား ထိပ်တိုက်ရင်ဆိုင်အဓိကရုဏ်းဖြစ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး၊ ရဲအရာရှိ ၁ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း Khan ရဲ့ PTI ပါတီကိုထောက်ခံသူတွေက သူတို့လိုလားချက်တွေအတွက် မြို့တော်တွင်းဝင်ရောက်ပြီး ထိုင်သပိတ်ဆင်နွှဲဖို့ ကြိုးပမ်းရာကနေ ခုလို အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ခဲ့ကြတာပါ။ မြို့တော်အပြင်ဘက်ရောက်တဲ့အခါ ရဲတွေက ကျည်အစစ်တွေနဲ့ပစ်ခတ်ခဲ့ကြတယ်လို့ လည်း PTI ပါတီက စွပ်စွဲလိုက်ပါတယ်။ ဒီ နှိမ်နင်းမှုအတွင်းလူတွေဒါဇင်နဲ့ချီ ဒဏ်ရာရသွားသလို ရာနဲ့ချီတဲ့ PTI ပါတီဝင်တွေနဲ့ ခေါင်းဆောင်တွေကိုလည်း အာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းတယ်လို့ ဆိုပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif (ရှာဘတ် ရှာရစ်ဖ်)ကတော့ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲမဟုတ်ဘဲ အစွန်းရောက်သူတွေလို့ ကြေညာချက်ထုတ်ပြန်ပါတယ်။ မနေ့နှောင်းပိုင်းကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး Mohsin Naqvi (မိုဆင်း နာကွီ) က လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တားမြစ်ချက်တွေကို ချိုးဖေါက်သူမှန်သမျှ ဖမ်းဆီးထိန်းသိမ်းသွားဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောဆိုထားတာပါ။ ဆန္ဒပြသူတွေဘက်က ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးပြီး တခြားတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း Khan နဲ့ တခြားဒါဇင်နဲ့ချီတဲပါတီဝင်တွေကို တရားရုံးမတင်ဘဲ ထိန်းသိမ်းထားတာ အဆုံးသတ်ဖို့တောင်းဆိုတဲ့လှုပ်ရှားမှုကို PTI ပါတီက တနင်္ဂနွေနေ့က စတင်ပြီး ခုလို ဆန္ဒပြရာကနေ လုံခြုံရေးရဲတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာပါ။ အသက် ၇၂ နှစ်အရွယ် Khan ကို လာဘ်စားမှု၊ အကြမ်းဖက်မှု၊ စစ်ဘက်အဆောက်အအုံတွေကိုပစ်မှတ်ထားဖျက်ဆီးအောင် လှုံ့ဆော်မှု စတဲ့ အမှုပေါင်း ၁၅၀ ကျော်နဲ့ တရားစွဲထားပြီး ၂၀၂၃ ခုနှစ် သြဂုတ်လကတည်းက ဖမ်းဆီး အကျဥ်းချထားတာပါ။
Your browser doesn’t support HTML5