သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးစိုးရိမ်မှုတွေကြား ပါကစ္စတန် ရွေးကောက်ပွဲ ကျင်းပပြီးစီး


ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ မဲရုံတရုံမှာ မဲပေးဖို့စာရင်းပေးနေကြသူများ (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)
ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့ မဲရုံတရုံမှာ မဲပေးဖို့စာရင်းပေးနေကြသူများ (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)

ပါကစ္စတန်နိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ရွေးကောက်ပွဲမှာ မဲရုံပိတ်ချိန်အထိ တချို့မဲရုံတွေမှာ မဲပေးဖို့ တန်းစီစောင့်နေသူတွေ ရှိနေသေးတာမို့ ရွေးကောက်ပွဲကောင်မရှင်က မဲပေးချိန် ၂ နာရီတိုးပေးခဲ့ရပါတယ်။ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ မဲရုံတွေပိတ်ခဲ့ပေမဲ့ လာဟိုးမြို့ ကရာချီမြို့အပါအဝင် မြို့တချို့က မဲရုံတွေမှာ မဲပေးဖို့ တန်းစီနေသူ အများအပြားရှိနေသေးတာမို့ ခုလို မဲရုံတချို့မဲပေးချိန်ကို တိုးပေးခဲ့တာဖြစ်ပါတယ်။

တချို့မဲရုံတွေမှာ အဆင်မပြေမှုတွေနဲ့ ကမောက်ကမတွေ ဖြစ်ခဲ့တယ်လို့ မဲဆန္ဒရှင်တချို့က ပြောပါတယ်။ နိုင်ငံရေး စီးပွားရေး မရေရာမှုတွေဖြစ်နေချိန် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခဲ့ကြတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Imran Khan ကိုထောင်ချထားပြီး သူ့ရဲ့အတိုက်အခံပါတီဝင်တွေ ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ကန့်သတ်ခဲ့တဲ့ အငြင်းပွားစရာ ရွေးကောက်ပွဲဖြစ်နေတာမို့ ရွေးကောက်ပွဲနေ့မှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်ဆက်သွယ်မှုတွေကိုလည်း နိုင်ငံတဝန်း ဖြတ်တောက်ထားခဲ့ပါတယ်။ ရှိလာနိုင်တဲ့ လုံခြုံရေးအန္တရာယ်ကို ရှောင်ရှားတဲ့အနေနဲ့ ခုလိုအဆက်အသွယ်တွေ ဖြတ်တောက်ထားတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့အစောပိုင်း မဲရုံတွေမဖွင့်ခင်မှာ ကြေညာခဲ့ပါတယ်။ စစ်တပ်ထောက်ခံတဲ့ ကြားဖြတ်အစိုးရက မဲလိမ်ဖို့ ကြိုးစားတဲ့အနေနဲ့ အခုလိုဖြတ်တော်တာဖြစ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ မဲဆန္ဒရှင် သန်း ၁၃၀ နီးပါးရှိတဲ့နိုင်ငံတဝန်း မဲရုံတွေမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင် ၆ သိန်းခွဲကျော် ဖြန့်ချခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Imran Khan ကို အယုံအကြည်မရှိ မဲခွဲဖြုတ်ချခဲ့ပြီး ၂ နှစ်နီးပါးအကြာမှာ ခုလိုရွေးကောက်ပွဲကျင်းပခဲ့တာပါ။ Imran Khan ကိုအဂတိလိုက်စားမှုနဲ့ ပြီးခဲ့တဲ့နှစ်က ထောင်ဒဏ်ချခဲ့ပါတယ်။ အရင် ဝန်ကြီးချုပ် ၃ ကြိမ်လုပ်ခဲ့ဖူးတဲ့ Nawaz Sharif ရဲ့ပါတီရွေးကောက်ပွဲအနိုင်ရလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒီနေ့ နိုင်ငံအနှံ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၂ ယောက်အပါဝင် ၉ ဦးသေဆုံးခဲ့တယ်လို့ ပါကစ္စတန်ကလာတဲ့သတင်းတွေမှာ ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG