COVID-19 ကုနိုင်မယ့် Remdesivir ဆေး ပါကစ္စတန် မကြာခင်ထုတ်နိုင်မည် 

Remdesivir ဆေး

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ထိခိုက်စေတဲ့ COVID-19 ရောဂါ ကုသတဲ့ Remdesivir ဆေးကို လာမယ့် သီတင်းပတ်တွေအတွင်း စတင်ထုတ်လုပ်တော့မယ်လို့ ပါကစ္စတန်က သောကြာနေ့မှာ ကြေညာပါတယ်။

မနှစ်က ဒီဇင်ဘာလမှာ တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ဒီရောဂါက အခုဆို ကမ္ဘာတလွှား လူပေါင်း ၄ သန်းခွဲကျော်ကို ကူးစက်ပြီး ၃ သိန်းကျော်ကို သေဆုံးစေခဲ့တာပါ။

SEE ALSO: Remdesivir ဆေးနဲ့ ကိုဗစ်လူနာတွေကုသဖို့ ဂျပန်အတည်ပြု

Remdesivir ဆေးထုတ်လုပ်တဲ့ အမေရိကန်နိုင်ငံက Gilead ဆေးကုမ္ပဏီနဲ့ ပါကစ္စတန်နိုင်ငံက Ferozsons Laboratories Ltd ဆေးကုမ္ပဏီတို့ အတူတွဲပြီး ဒီဆေးကိုထုတ်တော့မှာ ဖြစ်ကြောင်း ပါကစ္စတန် ကျန်းမာရေးဝန်ကြီး Zafar Mirza က Islamabad မြို့မှာ သတင်းထောက် တွေကို ပြောပါတယ်။ ပါကစ္စတန်ဟာ ဒီဆေးထုတ်မယ့် နိုင်ငံ ၃ နိုင်ငံထဲက တနိုင်ငံဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီဆေးကို သီတင်းပတ် ၆ ပတ်ကနေ ၈ ပတ်အတွင်း ထုတ်မှာ ဖြစ်ကြောင်းနဲ့ ဒီဆေးဟာ ပါကစ္စတန်နိုင်ငံထဲက COVID-19 ရောဂါရှင်တွေကို ကုပေးနိုင်မယ့်အပြင် နိုင်ငံပေါင်း ၁၂၇ နိုင်ငံကိုလည်း တင်ပို့ပေးမှာ ဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

ဆေးစထုတ်နိုင်ပြီဆိုရင် ဒီဆေးကို ဖွံဖြိုးပြီးနိုင်ငံတွေကိုရော ဝင်ငွေနည်းတဲ့ နိုင်ငံတွေ အတွက်ပါ တင်ပို့ပေးမှာ ဖြစ်ကြောင်းလည်း ဝန်ကြီးနဲ့အတူ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ပါကစ္စတန် ဆေးကုမ္ပဏီ အကြီးအကဲက ပြောပါတယ်။ လူဦးရေ သန်း ၂၂၀ ရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ ဒီရောဂါ အကူးစက်ခံရသူပေါင်း ၃၇၀၀၀ ကျော်ရှိပြီး ရောဂါစတင်အကူးစက် ခံခဲ့ရတဲ့ လွန်ခဲ့တဲ့ ၃ လကစပြီး အခုထိ သေဆုံးရသူက ၈၀၀ လောက်ရှိနေတာပါ။

Your browser doesn’t support HTML5

COVID-19 ကုနိုင်မယ့် Remdesivir ဆေး ပါကစ္စတန် မကြာခင်ထုတ်နိုင်မည်


..............


(Unicode)




SEE ALSO: အမေရိကန်ရဲ့ COVID -19 ကုသဆေး Remdesivir ရဲ့ ထိရောက်မှု အတိုင်းအတာ

