ဒုက္ခသည်တွေ ကာကွယ်ဖို့ Australia ကို ကုလတိုက်တွန်း

Papua New Guinea က ဒုက္ခသည်တွေ

Papua New Guinea နိုင်ငံ၊ Manus ကျွန်းပေါ်မှာရှိတဲ့ စိစစ်ရေးဌာနဟောင်းကနေ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့် လျှောက်ထားသူတွေကို တပ်အင်အားသုံးပြီး အဓမ္မ ရွေ့ပြောင်းခဲ့တယ်လို့ သတင်းတွေ ထွက်လာတဲ့အပေါ် စိတ်အနှောက်အယှက် ဖြစ်မိကြောင်း UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ကြာသပတေးနေ့မှာ ပြောပါတယ်။

သြစတေးလျနဲ့ Papua New Guinea နိုင်ငံတို့အနေနဲ့ အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ UNHCR က တောင်းဆိုလိုက်ပါတယ်။

ဆိုးရွားလှတဲ့ အခြေအနေတွေအောက်မှာ ကာလရှည်ကြာစွာ နေထိုင်နေကြတဲ့ ဒီဒုက္ခသည်တွေကို အကာကွယ်ပေးဖို့ သြစတေးလျမှာ တာဝန်ရှိတာကြောင့် ဒီကိစ္စကို သြစတေးလျအနေနဲ့ ပြေလည်အောင် ဆောင်ရွက်စေလိုကြောင်း UNHCR ပြောခွင့်ရ Duniya Aslam Khan က ဗွီဒီယိုနဲ့ အသံ ကြိုသွင်းထားတဲ့ ကြေညာချက်ကတဆင့် ပြောကြားလိုက်ပါတယ်။

ဒါဇင်နဲ့ချီတဲ့ ခိုလှုံခွင့် လျှောက်ထားသူတွေကို Papua New Guinea အာဏာပိုင်တွေက နေရာပြောင်းလိုက်ပြီး ကျန်နေတဲ့ ဒုက္ခသည် ၃၀၀ လောက်ကိုလည်း သူတို့ အခုရှိနေတဲ့ ဒုက္ခသည် ထိန်းသိမ်းရေးစခန်းကနေ ပြောင်းသွားရေးအတွက် ဖိအားပေးခဲ့ပြီး ကုတင်တွေနဲ့ တခြား ပစ္စည်းတွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။

မလှမ်းမကမ်းမှာရှိတဲ့ Lorengau မြို့ကို ပြောင်းရွေ့ နေရာချထားရေးအတွက် ရဲအရာရှိတွေနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အရာရှိတွေ Manus ကျွန်းပေါ်က ထိန်းသိမ်းရေးစခန်းကို ရောက်လာပြီး လူပေါင်း ၃၇၈ ယောက် ရှိတဲ့အထဲက ခိုလှုံခွင့် လျှောက်ထားသူ ၅၀ ကို အေးချမ်းစွာ ရွေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

ဒုက္ခသည်တွေ ကာကွယ်ဖို့ Australia ကို ကုလတိုက်တွန်း