မကွေးတိုင်း ပေါက်မြို့နယ်တွင်း စစ်ရေးတင်းမာနေ
{{ Zawgyi/Unicode}}
မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေမှာ စစ်ကောင်စီက တပ်စွဲထားတဲ့အတွက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေပါတယ်။ ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာမှာ ထွက်ပြေးပုန်းခိုနေကြရပါတယ်။ သောက်သုံးရေ မသန့်ရှင်းတာကြောင့် ကလေးငယ်တချို့ ဝမ်းပျက် ဝမ်းလျောဖြစ်နေကြသလို တခြားကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူတွေလည်း အများအပြားဖြစ်နေပါတယ်။ ပေါက်တောင်ပိုင်းဘက်က အခြေအနေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း ကိုရဲမွန် ကပြောပြပါမယ်။
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ သီတင်း ၁ ပတ်နီးပါး တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပြီးနောက် ဧပြီ ၁၄ နဲ့ ဒီနေ့ ၁၅ ရက်မှာ တိုက်ပွဲတွေ ငြိမ်နေပါတယ်။ စစ်ကောင်စီတပ်တွေကတော့ ကျောက်အိုးကျေးရွာထဲမှာ တပ်စွဲထားတဲ့အတွက် စစ်ရေးတင်းမာနေစဲလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။
“စစ်ကောင်စီတပ်က ထွက်မသွားသေးဘူး။ ကျောက်အိုးဆိုတဲ့ရွာမှာ သူတို့က တပ်စွဲထားပြီးတော့ အဲ့နားအနီးဝန်းကျင်က ယာတဲတွေ စစ်ဘေးရှောင်တဲတွေ အကုန်မီးလိုက်ရှို့ပြီးတော့ အဲ့ထဲကို ဝင်လိုက်ထွက်လိုက်နဲ့ အဲ့အတိုင်း လက်ရှိနေနေတယ်။ ဒီနေ့တော့ ထိပ်တိုက် တိုက်ပွဲထိတွေ့တာတော့ မရှိဘူး။ ဝိုင်းထားတဲ့အနေအထား ပုံစံမျိုးတော့ရှိတယ်။ သူတို့အရှေ့လည်း ဖောက်ထွက်မရ အနောက်လည်း ဖောက်ထွက်မရ အဲ့အနေအထားမှာရှိတယ်။ ဒီဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေက ဆက်ဖြစ်လာနိုင်တယ်ခင်ဗျ။”
ဧပြီ ၆ ရက်နေ့က စစ်ကောင်စီ လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေတင်ဆောင်လာတဲ့ ကားကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူလိုက်ပြီးတဲ့နောက် အဲဒီဒေသကို စစ်ကောင်စီတပ်တွေ ပိုက်စိတ်တိုက် ရှင်းလင်းနေတာဖြစ်ပါတယ်။ တရွာဝင် တရွာထွက် စစ်တပ်က နယ်မြေရှင်းလင်းမှုတွေ လုပ်နေတာမှာ ကျေးရွာ ၈ ရွာက နေအိမ် ၃၆၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီရှင်းလင်းမှုတွေကြောင့် ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံ ၁ သောင်း ၁ ထောက်ကျော်ဟာ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ တောတောင်တွေထဲ ပုန်းခိုနေကြရပါတယ်။ ၁၀ ရက်နီးပါး တောတောင်တွေထဲ နေထိုင်နေကြရတဲ့ ဒေသခံတွေဟာ သောက်သုံးရေ မသန့်ရှင်းတာရော၊ ရာသီဥတု ပူပြင်းတာကြောင့်ပါ နေထိုင်မကောင်းဖြစ်နေကြပါတယ်။ ဆေးဝါး ပြတ်လတ်နေတာကြောင့်လည်း အခြေအနေ ပိုဆိုးနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ တဦးက အခုလိုပြောပါတယ်။
“မသန့်ရှင်းတဲ့ရေတွေပေါ့ ချောင်ကြားထဲမှာ အခုက သစ်ရွက်ကြွေချိန် ရေနဲ့သစ်ရွက်နဲ့ ဆတူဖြစ်နေတော့ ကလေးတွေ ဝမ်းလျှောဝမ်းပျက်ရယ်။ နောက်တခုက ဆေးဝါးမပြည့်စုံတော့ အပူဒဏ်မခံနိုင်တော့ ရေအတင်းချိုးတဲ့အချိန်ကြတော့ အပူဒဏ်မခံနိုင်တော့ ချွေးငုတ်တဲ့ သဘောမျိုးပေါ့နော်။ ဝမ်းပျက်ဝမ်းလျှောက ဒေသလည်းကွာတယ်။ တချို့လူတွေက စိမ့်စမ်းရေရှိတဲ့နားမှာ ရေကောင်းရေသန့် သောက်ရတဲ့သူတွေကြတော့ ကျန်းမာရေး အဲ့လောက်ကြီးမဆိုးဘူး။ ရေသန့်သောက်ရတဲ့သူတွေရှိတယ်။ တချို့ပုန်းတဲ့ပြည်သူတွေက အဲ့နေရာတွေက ကျန်းမာရေး ဆိုးရွားမှု အများကြီးမရှိဘူး။ အရင်တုန်းက ကတည်းက ရောဂါအခံရှိတဲ့သူတွေပေါ့။ လေးဖက်နာ ၊ သွေးတိုး အဲ့လူတွေက ဆေးဝါးပြတ်နေတော့ ဒီရောဂါတွေကြတော့ နောက်တခုက နှလုံးသွေးကြောကျဉ်းတာ နှလုံးအားနည်းတာ ရောဂါသမားတွေ အဲ့ဒါတွေအတွက် လိုတယ်။”
ပခုက္ကူဘက်ကနေ ပေါက်မြို့နယ်ကို သယ်ယူတဲ့ ဆေးဝါး အစား အသောက် ဆေးဝါးတွေကို ရေပြာစစ်ဆေးရေးဂိတ်၊ ဆိပ်ဖြူ ၊ စလင်း စတဲ့ မြို့ကနေ ပေါက်မြို့နယ်ကို သယ်ယူမယ့် ကုန်ပစ္စည်းတွေကိုတော့ ကစွန်းမစစ်ဆေးရေးဂိတ်တို့ကနေ တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး ခွင့်ပြုချက်ပါမှသာ အနည်းငယ် သယ်ယူခွင့်ပြုတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ပေါက်မြို့နယ် တောင်ပိုင်းကနေ ပေါက်မြို့ပေါ်ကို ဆေးဝါး ကုသဖို့နဲ့ ဈေးဝယ်သွားသူတွေကို သွားခွင့်မပြုဘဲ တချို့လည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းတစုံတရာ ထုတ်ပြန်တာ အခုချိန်ထိ မရှိသေးပါဘူး။
Your browser doesn’t support HTML5
...........................................................
{{Unicode}}