သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးနဲ့စစ်ကိုင်းတိုင်းကျေးရွာတချို့ မီးရှို့ဖျက်ဆီးခံရ


စစ်ကိုင်းတိုင်း ကနီမြို့နယ်က ကျေးရွာတရွာမီးရှို့ခံခဲ့ရစဉ် / ကနီ (ယခင်ပုံဟောင်း)
စစ်ကိုင်းတိုင်း ကနီမြို့နယ်က ကျေးရွာတရွာမီးရှို့ခံခဲ့ရစဉ် / ကနီ (ယခင်ပုံဟောင်း)

[[Zawgyi/unicode]]


မကွေးတိုင်း ပေါက်မြို့နယ်နဲ့ဆိပ်ဖြူမြို့နယ်အစပ်မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းပြီး ကျေးရွာတွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း နတ်ချောင်းကျေးရွာမှာလည်း စစ်ကောင်စီက နေအိမ်တွေကိုမီးရှို့လို့ နေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ဧပြီ ၆ ရက်နေ့က စစ်ကောင်စီက လက်နက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူလိုက်ပြီးနောက်ပိုင်း မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းမှုတွေ လုပ်နေသလို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီကနေ့ ဧပြီ ၁၁ ရက်မှာလည်း ပေါက်မြို့နယ်နဲ့ဆိပ်ဖြူမြို့နယ်ကြားမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က အခုလိုပြောပါတယ်။

“တိုက်ပွဲအခြေအနေက လက်ရှိ ၁၀ မိနစ်လောက် ရင်ဆိုင်ပွဲတွေဖြစ်လိုက်တယ်။ ကျနော်တို့လည်း ရင်ဆိုင်ဖို့ လက်နက်ခဲယမ်းနည်းနည်း နည်းလို့ အနောက်ကို ပြန်ဆုတ်လိုက်ရတယ်။ တောင်ဘက်က စစ်ကြောင်းနဲ့ မြောက်ဘက်က စစ်ကြောင်းမွှေတာပေါ့။ တောင်ဘက်ဆိုတာ ပုသိမ်-မုံရွာလမ်းဘက်က လာတဲ့စစ်ကြောင်းက တကြောင်း၊ မြောက်ဘက် တပ်ကုန်းတင်တောင်ဘက်ကနေ ဝင်တာက တကြောင်း ၂ ကြောင်းခွဲပြီးမှ ထိုးတာပေါ့။”

ဒီနေ့ မနက်ပိုင်းတုန်းကတော့ စစ်ကောင်စီတပ်တွေဟာ ဆိပ်ဖြူမြို့ နယ်နိမိတ်အဆုံးဖြစ်တဲ့ ရှင်လှကျေးရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပြပါတယ်။ အဲ့ဒီနောက်မှာတော့ ပေါက်မြို့နယ်ထဲက တောင် ချိုကျေးရွာကို ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“မနက် ၇ နာရီ ၃၂ မိနစ်မှာ ရွာဘက်ကို တက်သွားတယ်။ ကျနော်တို့ရွာမှာ။ မီးတောက်တွေက ၈ နာရီ ၁၂ မိနစ်လောက်မှာ မီးတောက်တွေတက်လာတာ။ ပေါက်မြို့နယ်နဲ့ဆိပ်ဖြူမြို့နယ်က တောင်ဘက် မြောက်ဘက်။ တောင်ဘက်က ရှင်လှ။ ကျနော်တို့က တောင်ချို။ အဲ့ဒီ ရှင်လှဘက်ကနေ လှည့်ဝင်လာတာ။ ရှင်လှနဲ့တောင်ချိုက သူတို့လာတဲ့လမ်းကြောတည့်တည့် အကုန်ရှို့ခဲ့တာ။ တိုက်ပွဲက မဖြစ်ဘူး။ ကျနော်တို့နားမှာ တိုက်ပွဲဖြစ်တာ တခုမှမရှိဘူး။”

စစ်ကောင်စီက နေအိမ်တွေမီးရှို့တာကြောင့် တောင်ချိုရွာက နေအိမ် ၁၇ လုံးမီးလောင်ကျွမ်းသွားပြီး ရှင် လှရွာလည်း နေအိမ် အလုံး ၂၀ နီးပါး မီးလောင်ကျွမ်းသွားပါတယ်။ ဒါ့အပြင် နေ့လယ်ပိုင်းမှာ တောင်ချိုကျေးရွာနဲ့ ၂ မိုင်ခန့်သာကွာဝေးတဲ့ ဘို့မယ်ရွာနဲ့အင်းငယ်ဒေါင့်ရွာကိုလည်း စစ်ကောင်ကမီးရှို့လို့ နေအိမ်တွေမီးလောင်ကျွမ်းတာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ မကွေးတိုင်း ပေါက်မြို့နယ် သမားတော်ကျေးရွာ အနောက်ဘက်မှာတော့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းပိုင် ရေမောင်းနှင်ပို့ပေးတဲ့ ပန့်စက်ရုံကို PDF တွေက လက်လုပ်မိုင်းနဲ့ဖောက်ခွဲဖျက်စီးခဲ့တာကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

မကွေးတိုင်နဲ့ကပ်လျက် စစ်ကိုင်းတိုင်းထဲက ကလေးမြို့တောင်ပိုင်း နတ်ချောင်းကျေးရွာမှာလည်း ဒီကနေ့ ဧပြီ ၁၁ ရက်မှာ စစ်ကောင်စီက နေအိမ်တွေကို မီးရှို့တဲ့အတွက် နေအိမ် ၁၅၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“နေအိမ်က အခုထိတော့ စာရင်းကောက်တုန်းဗျ။ စစ်ကြောင်းကလည်း ရွာနဲ့သိပ်ပြီး လွတ်လွတ်ကင်းကင်း မဟုတ်သေးတော့ အခုမှပဲ ဝင်ကြစစ်ကြတုန်းဗျ။ ခန့်မှန်းကတော့ ၁၀၀ နဲ့ ၁၅၀ အတွင်းမှာ လောင်တယ်လို့ ခန့်မှန်းပါတယ်။ သူတို့က မနေ့ကတည်းက၊ လွန်ခဲ့တဲ့ ရက်သတ္တပတ်ထဲက တောင်ပိုင်း ဂန့်ဂေါ နယ်စပ်ကနေပြီး ကလေးမြို့ဘက်ကို စစ်ကြောင်းပြန်ပြီးဆုတ်လာတာပေါ့ဗျာ။ အဲ့စစ်ကြောင်းက အရင်တုန်းက ကလေးကနေ သွားထားတဲ့ စစ်ကြောင်းဗျ။ ကျနော်တို့ရွာနားရောက်တာ။ မနေ့ညနေက စရောက်တယ်။ ထိတွေ့မှုတချို့ရှိတယ်။ အဲ့မှာသူတို့က မနေ့ညနေကစပြီး ရွာကို မီးရှို့တယ်။”

စစ်ကောင်စီက နတ်ချောင်းရွာကို မီးရှို့တာ ဒီတကြိမ်ဟာ ၃ ကြိမ်မြောက်ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းက နေအိမ် အလုံး ၃၀ ကျော်နဲ့ ဒုတိအကြိမ်မှာတော့ နေအိမ် ၇၀ ကျော်နီးပါး မီးလောင်ကျွမ်းခဲ့သလို အခုတကြိမ်က အများဆုံးမီးလောင်ကျွမ်းတာလည်းဖြစ်ပါတယ်။

ကလေးမြို့တောင်ပိုင်းက နတ်ချောင်း-နတ်မြောင်း-ချောင်းဂွ ကျေးရွာကို စစ်ကောင်စီတပ်တွေ မကြာခဏဆိုသလို နယ်မြေရှင်းလင်းတာတွေလုပ်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ မကြာခဏ နယ်မြေရှင်းလင်းတာတွေလုပ်လို့ ဒေသခံတွေဟာ နေရပ်တွေကို စွန့်ခွါပြီး ဘေးလွတ်ရာ ကျေးရွာတွေနဲ့ ကလေးမြို့ပေါ်ကို ပြောင်းရွေ့နေထိုင်ကြတဲ့အတွက် ကျေးရွာသား အနည်းငယ်သာ ရွာမှာရှိတော့ပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[unicode]]













================

XS
SM
MD
LG