သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးတိုင်း ဂန့်ဂေါနယ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားဆဲ


ဂန့်ဂေါမြို့နယ်။ (ဓာတ်ပုံ - ဂန့်ဂေါဖေ့စ်ဘုတ်)
ဂန့်ဂေါမြို့နယ်။ (ဓာတ်ပုံ - ဂန့်ဂေါဖေ့စ်ဘုတ်)

(Zawgyi / Unicode)

လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ မကွေးတိုင်း ဂန့်ဂေါနယ်ထဲက နှမ်းခါးကျေးရွာမှာ စစ်ကောင်စီက ဆက်လက်တပ်စွဲထားသလို ကလေးဘက်ကနေ ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ ထွက်ပြေးနေရတဲ့ ထောင်နဲ့ချီတဲ့ နှမ်းခါးရွာသားတွေမှာလည်း အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို ကိုခင်မောင်စိုးမင်း တင်ပြပေးထားပါတယ်။

ဒီဇင်ဘာ ၁၇ ရက် သောကြာ နေ့လယ်ပိုင်းမှာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာမှာ ဒေသခံ ရပ်ရွာခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေချိန် စစ်ကောင်စီက လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စနေနေ့အထိ နှမ်းခါးကျေးရွာမှာ စစ်ကောင်စီက တပ်စွဲထားပေမယ့် ပစ်ခတ်တာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် ဂန့်ဂေါမြို့နယ်ထဲမှာ ကလေးမြို့ဘက်ကနေ ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ယော PDF က ပြောပါတယ်။

“ဒီနေ့ကတော့ နေ့လယ်ပိုင်းအထိကို နှမ်းခါးကျေးရွာမှာ သူတို့ တပ်စွဲထားတယ်ပေါ့။ နှမ်းခါးရွာကနေ မထွက်သေးဘူးခင်ဗျ။ လောလောဆယ် နှမ်းခါးကျေးရွာမှာပဲလို့ ပြောလို့ရတယ်ခင်ဗျ။ ဒီနေ့ ထိတွေ့တိုက်ပွဲတော့ ရှိတယ်။ စန်းမြို့ကျေးရွာအနီးမှာ ကျောက်ပြုတ်ကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတယ်ခင်ဗျ။ အဲ့ဒီစစ်ကြောင်းက လယ်ကြီးကျေးရွာမှာ တပ်စွဲတယ်ခင်ဗျ။ ကလေးဘက်ကနေ ကျောက်ပြုတ်ကျေးရွာကနေ ထိုးတဲ့ စစ်ကြောင်းခင်ဗျ။”

နှမ်းခါးကျေးရွာမှာ ဒေသခံ ရပ်ရွာခေါင်းဆောင်တွေ သောကြာနေ့ အစည်းအဝေး လုပ်နေချိန် ရဟတ်ယာဉ် ၂ စီးက ကျေးရွာထဲကို ပစ်ခတ်ပြီး နောက်ထပ် ရဟတ်ယာဉ် ၃ စီးနဲ့ ကျေးရွာထဲမှာ စစ်ကောင်စီတပ်ကို လူချကာ ကျေးရွာကို ဝိုင်းခဲ့သလို ဂျက်လေယာဉ်နဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ မျက်မြင်တွေက ပြောပါတယ်။

အခုလို လေကြောင်းကနေ ပစ်ခတ်တာနဲ့ ပတ်သက်လို့ အကြမ်းဖက်သမား ခေါင်းဆောင်အချို့ ပါဝင်တဲ့ လူ ၁၀၀ လောက် အစည်းအဝေး လုပ်နေတာကို ဝင်ရောက်စီးနင်းရာကနေ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပြီး အကြမ်းဖက်သမားဘက်က သေဆုံးသူ ၆ ဦးရှိပြီး လက်နက်တချို့ သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေသလို ဒေသခံအချို့မှာလည်း ကျေးရွာထဲ ပိတ်မိနေတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ဒုက္ခသည်တွေက တောတောင်တွေထဲမှာ အကုန်လုံး ပြေးနေရတဲ့အတွက် အခုနေက စောင်တွေမရှိဘူး။ ဘေးနားက ရွာတွေကို ခိုမယ်ဆိုရင်လည်း ခိုလို့မရဘူး။ ဘေးနားကရွာတွေက အကုန်လုံး ထွက်ပြေးနေတာ။ ဘေးနားက ရွာတွေကို သွားမယ်ဆိုရင်လည်း အဲ့ရွာကဟာတွေလည်း အကုန်ပြေးတဲ့အတွက် ကျနော်တို့မှာ စောင်တို့ စားနပ်ရိက္ခာတို့က အဆင်မပြေဘူး ဖြစ်နေတယ်။ တောထဲကို ပို့ထားတာလည်း မရှိဘူး။ ဒုက္ခသည်တွေက ကစဉ့်ကလျား ဖြစ်နေတယ်။ ဘယ်မှာမှ ခေါ်လို့မရတော့ဘူး။ တောတောင်တွေထဲ ပြေးနေရတဲ့အတွက် အကုန်လုံးလည်း ခေါ်ပြီး စောင့်ရှောက်မှုက အဆင်မပြေဘူး။ ရွာထဲမှာ ပိတ်မိနေတာလည်း ရှိတယ်။ ၉၀/၁၀၀ လောက်ရှိမယ်။ ဘုန်းကြီးကျောင်းထဲ ပိတ်မိနေတာ။ အဲ့မှာလည်း စစ်သားတွေ ချထားတဲ့အတွက် ဆက်သွယ်လို့လည်း အဆင်မပြေလို့ပါ။”

စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာကြောင့် ဒေသခံ ကျေးရွာသား ၄,၀၀၀ ကျော်ဟာ တောတောင်တွေထဲမှာ စစ်ဘေးဒုက္ခသည်အဖြစ် ပုန်းရှောင်နေရပြီး ထွက်ပြေးချိန်မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့သူတွေ ရှိပေမယ့် ဆေးဝါးမရှိတဲ့အတွက် လုံလောက်တဲ့ ကုသမှု မပေးနိုင်ဘဲ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

နှမ်းခါးရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတရွာဖြစ်ပြီး ကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေ လုပ်တဲ့အတွက် ကျေးရွာသားတွေဟာ မကြာခဏဆိုသလို စစ်ဘေးဒုက္ခသည်အဖြစ် တောတောင်တွေမှာ ခိုလှုံနေရသလို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နဲ့ ၁၃ ရက်တို့မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းပြီး တိုက်ပွဲဖြစ်ပွားခဲ့လို့ နှမ်းခါးရွာက အိမ်ခြေ ၅၀ နီးပါး မီးလောင်ကျွမ်းခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)











XS
SM
MD
LG