ကန်အစိုးရသစ် ကာကွယ်ရေးဝန်ကြီးအဆိုပြုခံရသူ အတည်ပြုချက်ရဖို့ကြိုးစားဆဲ

အမေရိကန်အစိုးရသစ်မှာ ကာကွယ်ရေး ဝန်ကြီးအဖြစ် အဆိုပြုခံထားရသူ Pete Hegseth (နိုဝင်ဘာ ၂၁၊ ၂၀၂၄)

အထက်လွှတ်တော် အတည်ပြုချက် ရရှိဖို့ ဆက်လက် တိုက်ပွဲဝင်နေရဆဲ ဖြစ်တယ်လို့ အရွေးကောက်ခံ သမ္မတ က ကာကွယ်ရေး ဝန်ကြီးအဖြစ် အဆိုပြုထားသူ Pete Hegseth က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ လိင်ပိုင်းဆိုင်ရာ မတော်မလျော်ပြုပြီး၊ အရက် အလွန်အကျွံ သောက်တယ်လို့ အစွပ်စွဲခံနေရတဲ့ Pete Hegseth ကတော့ သူဟာ စစ်တိုက်နေသူတွေအတွက် အခုလို ကြိုးစားနေတာဖြစ်ပြီး၊ စစ်လိုလားသူတွေအတွက် လုပ်နေတာ မဟုတ်ဘူး လို့ X လူမှုစာမျက်နှာမှာ ရေးပါတယ်။

အမေရိကန် စစ်တပ်မှာ စစ်မှုထမ်း စစ်သား ၂.၉ သန်းနီးနီး ရှိတဲ့အပြင် အရပ်သား ၇ သိန်းကလည်း စစ်တပ်အတွက် အလုပ်လုပ်နေကြတာပါ။ Pete Hegseth မှာ ကြီးမားတဲ့ အဖွဲ့အစည်းတွေကို စီမံခန့်ခွဲတဲ့ အတွေ့အကြုံလည်း မရှိတာက အတည်ပြုချက်ရဖို့ ခက်တဲ့ အကြောင်းတကြောင်းလည်း ဖြစ်နေပါတယ်။ ဒါ့အပြင် အလုပ်လာတဲ့အခါ အရက်နံ့ရနေပြီး အမူးမပြေသေးတဲ့ နေ့တွေရှိကြောင်း Fox ရုပ်မြင်သံကြားဌာနမှာ သူ့နဲ့ အတူ အလုပ်လုပ်နေကြတဲ့ လက်ရှိနဲ့ အရင် လုပ်ဖော်ကိုင်ဘက် ၁၀ ယောက်က ပြောကြောင်း အင်န်ဘီစီ ရုပ်မြင်သံကြားက ဆိုပါတယ်။ ဒါ့အပြင် လိင်ကိစ္စနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ သူ ကြီးကြပ်ရတဲ့ စစ်ပြန်စစ်မှုထမ်း အုပ်စုတွေနဲ့ အရက်သောက် ပါတီပွဲ ပျော်ပါးတဲ့ သတင်းတွေနဲ့လည်း Pete Hegseth က ရင်ဆိုင်နေရပါတယ်။

Your browser doesn’t support HTML5

ကန်အစိုးရသစ် ကာကွယ်ရေးဝန်ကြီးအဆိုပြုခံရသူ အတည်ပြုချက်ရဖို့ကြိုးစားဆဲ