ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က သူ့အနေနဲ့ သူရဲ့သမ္မတသက်တမ်း ၆ နှစ်ကို ထပ်တိုးသွားဖို့ စိတ်မဝင်စားသလို၊ ရှေ့နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲတွေကို ဖျက်သိမ်းသွားဖို့ကိုလည်း စိတ်မဝင်စားဘူးလို့ ပြောလိုက်ပါတယ်။
ရွေးကောက်ပွဲတွေကို ပယ်ဖျက်ဖို့မရှိသလို၊ သက်တမ်းတိုးသွားဖို့လည်းမရှိကြောင်း၊ အထူးသဖြင့် သူ့ရဲ့ သမ္မတသက်တမ်းကို တိုးသွားဖို့မရှိဘူးလို့ Minda သတင်းဝက်ဘ်ဆိုဒ်နဲ့ တွေ့ဆုံမေးမြန်းစဉ် သမ္မတ Duterte က ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ သမ္မတသက်တမ်းကတော့ ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
သမ္မတ Duterte ဟာ ဖိလစ်ပိုင် ဖယ်ဒရယ်အစိုးရနဲ့ဆိုင်တဲ့ သူ့ရဲ့အမြင်တွေနဲ့ ပတ်သက်ပြီး မင်ဒါသတင်းနဲ့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ သမ္မတ ဒူတာတေးက သူ့အနေနဲ့ ဝန်ကြီးချုပ်စနစ်လိုသြဇာကြီးမားပြီး၊ သမ္မတစနစ်ရှိတဲ့ ပြင်သစ်အစိုးရလိုမျိုး သူ့အနေနဲ့ မျှော်မှန်းထားတယ်လို့ သူကပြောပါတယ်။ သူ့အနေနဲ့ နောက်ထပ်မြင်ချင်တဲ့အပြောင်းအလဲတခုကတော့ အထက်နဲ့အောက်လွှတ်တော် ၂ ရပ်ကို ၊ ဥပဒေတွေ မြန်မြန်ပြဌာန်းသွားနိုင်မယ့် လွှတ်တော်အမတ် ၅၀ ပါတဲ့ လွှတ်တော်တရပ်အဖြစ်ပြောင်းလဲဖွဲ့စည်းသွားတာကို မြင်ချင်တယ်လို့လည်း ပြောပါတယ်။
သမ္မတ ဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံအတွက် ဖယ်ဒရယ်အစိုးရ ပုံစံတည်ဆောက်ဖို့အတွက် အဖွဲ့ဝင် ၂၅ ယောက်ပါတဲ့ အကြံပေးကော်မတီ တရပ်ကို ၂၀၁၆ ခုနှစ်မှာ တာဝန်ပေးအပ်ခဲ့ပြီး၊ သူ့အနေနဲ့ အဲဒီကော်မတီက တင်ပြလာမယ့် မူကြမ်းကို စောင့်နေတယ်လို့ပြောပါတယ်။ ဒါပေမဲ့လည်း သမ္မတဒူတာတေးဟာ ကော်မတီအဖွဲ့ဝင်တွေကို အခုချိန်ထိ ခန့်အပ်ခြင်းမရှိသေးဘူးလို့ မင်ဒါသတင်းအေဂျင်စီက မှတ်ချက်ပြုထားပါတယ်။
Your browser doesn’t support HTML5
ဖိလစ်ပိုင်သမ္မတ နောက်သက်တမ်း အရွေးခံမည်မဟုတ်