(Zawgyi / Unicode)
ဖိလစ်ပိုင်နိုင်ငံမှာ ဒီနှစ်ထဲ အင်အားအပြင်းဆုံးလို့ ဆိုနိုင်တဲ့ Goni တိုင်ဖုန်းမုန်တိုင်းဟာ တနာရီကို ၁၂၇ မိုင် လေတိုက်နှုန်းနဲ့ ဦးတည် ချဉ်းကပ်လာနေပြီး တနင်္ဂနွေနေ့မှာ Luzon ကျွန်းမကြီးကို ဖြတ်မတိုက်ခင် ဖိလစ်ပိုင် အရှေ့ဘက်ကမ်းရိုးတန်း အစွန်က Catanduanes ကျွန်းကို မနက်ပိုင်းမှာ ဝင်ရောက်ဖျက်ဆီးဖွယ် ရှိတယ်လို့ နိုင်ငံရဲ့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
အဲဒီဒေသမှာ လေပြင်းရိုက်ခတ်မှုနဲ့ ရေကြီး မြေပြိုတာတွေ ကြုံလာနိုင်တာမို့ ဒေသခံ ဖိလစ်ပိုင်ပြည်သူ ၁ သန်းနီးပါးကို နေအိမ်တွေကနေ စွန့်ခွာစေပြီး ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ အာဏာပိုင်တွေ နှိုးဆော်ထားပါတယ်။
ခိုလှုံရေးစင်တာတွေအဖြစ် ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်းတွေ၊ ပြည်သူ့အားကစားရုံတွေနဲ့ အစိုးရပိုင် အရေးပေါ်ခိုလှုံရေး အဆောက်အဦတွေကို အသုံးပြုမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ဒီဒေသမှာပဲ Molave တိုင်ဖုန်းမုန်တိုင်း ဝင်တိုက်ခဲ့တာကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ပြီး မြေနိမ့်ပိုင်းရွာတွေနဲ့ စိုက်ပျိုးမြေတွေပါ ရေမြုပ်ခဲ့ရပါတယ်။ အဲဒီနောက် Molave မုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီး ဗီယက်နမ်နိုင်ငံဘက် ထွက်သွားခဲ့တာပါ။
ကြုံလာမယ့် သဘာဝဘေးဒုက္ခကို ဖြေရှင်းနိုင်ဖို့ ဒေသအာဏာပိုင်တွေဟာ စနေနေ့တုန်းက အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေကို အသင့်ပြင်ထားသလို အသက်ကယ်ပစ္စည်းတွေ၊ ကယ်ဆယ်ရေးယာဉ်တွေကိုပါ ကြိုတင်ပြင်ဆင်ထားပါတယ်။
Goni တိုင်ဖုန်းမုန်တိုင်းကြောင့် ပင်လယ်လှိုင်းလုံးအမြင့်ဟာ ၁၀ ပေလောက်အထိ မြင့်တက် ရိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Your browser doesn’t support HTML5
--------------------------
(Unicode)