ပြင်သစ်နိုင်ငံက ကင်းလှည့် အမြန်ရေယာဉ် ၄၀ ဖိလစ်ပိုင်ဝယ်ယူမည်

မနီလာပင်လယ်အော်မှာ ကျောက်ချထားတဲ့ အမေရိကန် လေယာဥ်တင်သင်္ဘောဘေးက ခုတ်မောင်းသွားနေတဲ့ ဖိလစ်ပိုင်ရေတပ်ကမ်းခြေစောင့်သင်္ဘောတစင်း-ယခင်မှတ်တမ်းဓာတ်ပုံ။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ပြင်သစ်နိုင်ငံကနေ ကမ်းခြေစောင့် ကင်းလှည့်အမြန်ရေယာဉ် ၄၀ ဝယ်ယူမယ်လို့ ဖိလစ်ပိုင်နိုင်ငံက ဒီနေ့ပြောလိုက်ပါတယ်။ အဲဒီထဲက တချို့ကိုတော့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာ ထားသွားဖို့ဖြစ်တယ်လို့ ပြောပါတယ်။

ဒါက ဖိလစ်ပိုင်အစိုးရအနေနဲ့ သူ့ရဲ့ ကမ်းခြေစောင့်တပ်ကို ခေတ်မီအောင်လာအောင် ကြိုးပမ်းရာမှာ တကြိမ်တည်းနဲ့ အများဆုံးဝယ်တာဖြစ်ပြီး အဲဒီသင်္ဘောတွေကိုတော့ ၄ နှစ်အတွင်းမှာ စတင်ပို့ပေး သွားမယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ တပ်မှူးကြီး Ronnie Gil Gavan က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါပေမဲ့ ဘယ်လို ရေယာဉ်အမျိုးအစားတွေဖြစ်တယ်ဆိုတဲ့ အသေးစိတ်ပြောဖို့ ငြင်းဆန်ခဲ့ပြီး တန်ဖိုးအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄၄၀ ရှိတယ်လို့ ပြောပါတယ်။

ဒီထဲက တချို့သင်္ဘောတွေကို ဖိလစ်ပိုင်ရေတပ်နဲ့ တရုတ်ကမ်းခြေစောင့်တပ်တွေနဲ့ ထိပ်တိုက်တွေ့နေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ နေရာချသွားမယ်လို့ သူကပြောပါတယ်။ ဒီရေယာဉ်တွေဟာ သူတို့ရဲ့ အထူးစီးပွားရေးဇုန် အစွန်အဖျားနေရာတွေကို တရားဥပဒေစိုးမိုးရေးနဲ့ တခြားစီမံကိန်းတွေအတွက် အလျှင်အမြန်သွားရောက်နိုင်မှာဖြစ်တာကြောင့် သူတို့အတွက် အရေးပါတဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်ပေးမယ့်ဟာတွေဖြစ်တယ်လို့ တပ်မှူးကြီး Gaven က ပြောပါတယ်။

တရုတ်နိုင်ငံကတော့ ဖိလစ်ပိုင် နဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေက ကမ်းခြေတွေနဲ့ နီးတဲ့နေရာတွေအပါဝင် တောင်တရုတ်ပင်လယ်အတွင်း နေရာအတော်များများကို သူတို့ပိုင်တယ်လို့ ပြောနေတာဖြစ်ပါတယ်။