ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် နိုင်ငံရေးမူဘောင် သုံးသပ်ဆွေးနွေးပွဲတရပ်ကို ဒီကနေ့ပြုလုပ်ရာမှာ အရပ်ဖက်လူမှုအဖွဲ့တွေရဲ့သဘောထားကို လာမယ့် ငြိမ်းချမ်းရေးညီလာခံမှာ ကိုယ်စားပြုထည့်သွင်းသွားဖို့ ရှိတယ်လို့ တပ်မတော်ကိုယ်စားလှယ်ဖက်က ပြောဆိုပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် နိုင်ငံရေးမူေ ဘာင်သုံးသပ်ဆွေးနွေးပွဲ ဒီကနေ့အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောသွားတာပါ။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီ ၁ က နိုင်ငံရေး ဆွေးနွေးမှုမူဘောင် (Political framework) ကို ဆွေးနွေးညှိနှိုင်းဖို့နဲ့ မူဘောင်ကို ပြန်လည် သုံးသပ်ဖို့အတွက် ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ ဆပ်ကော်မတီ ၁ရဲ့ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်က CSO ခေါ် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အမြင်ကိုလည်း နိုင်ငံရေး ဆွေးနွေးမှု မူဘောင်မှာ ထည့်သွင်းမှာ ဖြစ်ကြောင်း အခုလို ပြောဆိုပါတယ်။
“ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့လမ်းညွှန်ချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံညီလာခံနဲ့ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ကို တပြိုင်ထဲကျင်းပသွားမယ်။ အဲဒီဖိုရမ်မှာလည်း လွှတ်တော်တခုခုမှာ ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ပါဝင်တက်ရောက်နိုင်ပြီးတော့ မိမိတို့ရဲ့ သဘောထားအမြင်တွေ ဆွေးနွေးတင်ပြလိုတယ်လို့ သူတို့ သဘောထားချထားတဲ့အနေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းဖိုရမ်လည်း ကျနော်တို့အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုတွေကို ကျနော်တို့လုပ်သွားမှာပါ။ ဒါတွေကို နှိုင်းယှဉ်ပြီးတော့မှ သုံးသပ်မယ်၊ ဒါ့အပြင် ကျနော်တို့အရပ်ဖက်လူမှုအဖွဲ့အစည်းဆွေးနွေးပွဲဖိုရမ် တွေအထဲမှာလည်းပဲ ကျနော်တို့ ဆပ်ကော်မတီကနေပြီးတော့ ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။”
ဆပ်ကော်မတီ ၁ ရဲ့ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကတော့ လက်ရှိ မူဘောင်ပြန်လည်သုံးသပ်တာဟာ အလွတ်သဘော ကြိုတင်ဆောင်ရွက်တာဖြစ်ကြောင်း ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းမှာ အခုလို ထည့်သွင်း ပြောကြား ပါတယ်။
“ဒီဆွေးနွေးပွဲဟာ ပထမဦးဆုံးအကြိမ် ကျနော်တို့ရဲ့ frame work ပုံစံကို ပြန်ပြီးတော့ informal review လုပ်တာဖြစ်ပါတယ်။ ဆိုလိုတာက ကျနော်တို့ရဲ့ ကြိုတင်ပြင်ဆင်မှုအရ လိုအပ်တဲ့ပြင်ဆင်မှုတွေကို တဖက်က ညီနောင်တိုင်းရင်းသားတွေကိုဖိတ်ခေါ်ရင်းနဲ့ သူတို့လာတက်တဲ့အခါမှာ ကျနော်တို့ ပြင်ဆင်တိုင်ပင်ဖို့က အချိန်က ပိုမိုပြီးမှ သက်သာသွားမယ်လို့ ကျနော်တို့ရည်ရွယ်တာဖြစ်ပါတယ်။ တဘက်ကလည်း ကျနော်တို့ လိုအပ်မှုအရ ကြိုတင်ညှိနှိုင်းမှုတွေ အဆုံးသတ်သွားမယ် frame work အပေါ်မှာ ။ တဘက်ကလည်း ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းဖြစ်စဉ်တွေအားလုံးပါဝင်နိုင်ဖို့အတွက် ဒီ frame work ကို ပြန်လည် review လုပ်နိုင်ဖို့အတွက် ကျနော်တို့ ဆပ်ကော်မတီတွေ အနေနဲ့ သူတို့ပါဝင်လာတဲ့အချိန်မှာ ပြန်ပြီးတော့ ကျနော်တို့ formal ဆိုတဲ့အဆင့်ကိုဆောင်ရွက် သွားမှာဖြစ်ပါတယ်။”
ပြီးခဲ့တဲ့အစိုးရလက်ထက်ကတော့ လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊နိုင်ငံရေးပါတီတွေနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC က နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် တွေကို ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီမူဘောင်တွေမှာ အခန်း၉ခန်းပါဝင်ပြီး ဒီကနေ့ အခန်း ၉ခန်းလုံးကို ပြန်လည် သုံးသပ်နိုင်ခဲ့တယ်လို့ ဆပ်ကော်မတီ ၁ အဖွဲ့ဝင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းက ဗိုလ်မှုးကြီးစိုင်းလက ပြောပါတယ်။
“ကျနော်တို့အစိုးရအဖွဲ့နဲ့ UPDJC ကိုလည်း ဖွဲ့စည်းခဲ့ပြီးပြီ။ UPDJC မှာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကမှာလည်း ဥက္ကဋ္ဌ အဖြစ် ပြန်ဖြစ်တယ်ဆိုတော့ သူလမ်းညွှန်ထားတဲ့အတိုင်း ၊ အကြံပြုထားတဲ့အတိုင်း သင့်တော်အောင်ဘယ်လိုဆောင်ရွက်သွားကြမလဲဆိုတာ ၊ ဘယ်လိုပြင်ဆင်ပြီးသွားကြမလဲဆိုတာကို ပြန်ပြီးတော့ review လုပ်ပါတယ်။ အခန်းလိုက်ပါပဲ ၉ ခန်းလောက်တော့ ကျနော်တို့ review လုပ်ပါတယ်။ ကျန်ဆွေးနွေးချက်တွေကို ကျနော်တို့ပြန်ပြီးတော့ မှတ်တမ်းတင်ထားတာတွေရှိတယ်လေ။”
လက်ရှိကျင်းပနေတဲ့ ဆွေးနွေးပွဲကိုတော့ ၄ ရက်ကြာကျင်းပဖို့ရှိနေပြီး လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာချိန်မှာ နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်တာတွေကို တရားဝင်ဆောင်ရွက်ဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ကုန်ပိုင်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ နဲ ဆပ်ကော်မတီတွေဖွဲ့စည်းရာမှာ ဆပ်ကော်မတီ ၁က NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့နဲ့ ဆပ်ကော်မတီ ၂ က NCA လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေနဲ့ ညှိနှိုင်းဖို့ လုပ်ငန်းတာဝန် ခွဲဝေထားတာဖြစ်ပါတယ်။
Your browser doesn’t support HTML5