မန္တလေးတိုင်း၊ အိုးဘိုထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ဆေးကုသဖို့ ထောင်ပြင်ထုတ်ကုသချိန် သွေးအန်သေဆုံးခဲ့ပါတယ်။ ထောင်ဒဏ် (၁၇) နှစ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအငယ်လေးခေါ် ကိုစိန်လင်းဟာ လွတ်ငြိမ်းချမ်းသာခွင့်မပေးခင် ဆုံးသွားတာမို့ သူ့ရဲ့နာရေးကို စစ်ကောင်စီကပဲ ဦးစီးစီစဉ်မယ်လို့မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။ ထောင်တွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှုအားနည်းသလို ထောင်ပြင်ထုတ်ကုသချိန်အသက်သေဆုံးမှုတွေလည်း ပိုများလာတယ်လို့ အကျဉ်းသားတွေကိုကူညီပေးနေသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။
မန္တလေးတိုင်း အိုးဘိုထောင်မှာ ထောင်ဒဏ် (၁၇) နှစ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအငယ်လေး ခေါ် ကိုစိန်လင်းဟာ ကျန်းမာရေးဆိုးရွားလာလို့ ထောင်အပြင်ကိုထုတ်ခွင့်ပြုပြီး အပြင်ဆေးရုံမှာ ဆေးကုသမှုခံယူချိန် နိုဝင်ဘာလ၂၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်မှာ မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကိုစိန်လင်းဟာကျန်းမာရေးကောင်းသူဖြစ်ခဲ့ပေမယ့် ထောင်ကျပြီးနောက်ပိုင်း ကျန်းမာရေးထိခိုက်လာခဲ့သလို မဆုံးခင်မှာလည်း ထောင်ထဲမှာ သွေးအန်တဲ့အထိ ဖြစ်နေတာကြောင့် နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းမှာ အကျဉ်းထောင်ထဲကနေ အပြင်ဆေးရုံကို တင်ပို့ကုသခဲ့ရတာဖြစ်တယ်လို့နီးစပ်သူတဦးက အခုလိုပြောပြပါတယ်။
"မနေ့က တွေ့တုန်းကပြောတာတော့ အထဲထဲမှာ ဘာစားစား ရင်ခေါင်းတောင့်တယ်၊ သွေးဝမ်း သွားတယ်လို့ပြောတယ်။သွေးအန်တယ်။ ပြီး တော့ အောက်ဆီဂျင်ကျလာတာနဲ့ အရေးပေါ် ဆေးရုံကြီးပို့လိုက်တာပဲ။ ပို့လိုက်တော့ ဟိုတနေ့ညနေ၅ ခွဲ ၆ ရောက်တယ်။ ဆုံးတော့လည်း ၅ ခွဲလောက်ပဲ။ တရက်ပဲ ဆေးရုံမှာနေလိုက်ရတယ်။ ကျနော်သူနဲ့တောက်လျှောက်တွေ့နေတာပဲ။ ဝဝပဲ။ ကျန်းမာရေးကောင်းနေတာပဲ။ ဘယ်လိုဒဏ်ပါလာလဲ မသိဘူး။ အဲလိုတော့ဖြစ်သွားတာပဲ။ မနက်ကတော့အကောင်းပဲ။ စကားတွေဘာတွေ ပြောနိုင်သေးတယ်။ ညနေကျ ဖောက်ဖောက်လာပြီး အသက်ပါပျောက်သွားတာ။ ဟိုမှာဖြစ်ပြီး ပို့လိုက်တာ တရက်တောင်မရှိဘူး။ ဘာမှဂဃနဏ လည်း မသိ၊ ဆေးစစ်တုန်းပဲ ရှိသေးတာ။ ဘာမှလည်း ဂဃနဏ မပြောကြဘူး။ ချက်ချင်းဖြစ်တော့ ဝမ်းနည်း တာပေါ့။"
ကိုစိန်လင်းကို စစ်အာဏာသိမ်းပြီး နောက်နှစ် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့က ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီကဖမ်းဆီးခဲ့တာပါ။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)၊ ၅၁ (ဂ) တို့နဲ့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ကိုစိန်လင်းဟာ ရှစ်လေးလုံး အရေးတော်ပုံမှာလည်း ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် နှစ် ၂၀၊ ၁၉၉၈ ခုနှစ် နိုင်ငံရေးလှုပ်ရှားမှုကာလမှာလည်း မတရားအသင်းနှင့် ဆက်သွယ်သည့်ပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် ၁၇နှစ် ချမှတ်ခံရဖူးသူပါ ခုတကြိမ်မှာလည်း ထောင်ဒဏ် ၁၇နှစ် ထပ်မံကျခံခဲ့ရတာဖြစ်ပါတယ်။ ကိုအငယ်လေးခေါ် ကိုစိန်လင်းဟာ နိုင်ငံရေးကို တစိုက်မတ်မတ် လုပ်လာတာလို့ သူ့ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။
ကိုအငယ်လေးခေါ် ကိုစိန်လင်းရဲ့ဈာပနကို နိုဝင်ဘာ ၂၂ ရက် မနက်ဖြန်မှာ မန္တလေးမြို့ ကြာနီကန် (အေးရိပ်ငြိမ်) သုဿာန်မှာ မနက်ဆယ်နာရီအချိန် စစ်ကောင်စီအကျဉ်းထောင်ဘက်က သင်္ဂြိုဟ်ဖို့ ရှိပါတယ်။ ကိုအငယ်လေးရဲ့မိသားစုဝင်တွေအနေနဲ့ နောက်ဆုံးခရီး ဈာပနအခမ်းအနားကို မိသားစုက စီစဉ်ခွင့်မရဘဲ စစ်ကောင်စီလုပ်ဆောင်မှုကိုသာ ဘေးကပဲ စောင့်ကြည့်ခွင့်ရတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။
"ပထမကတော့ သင်္ဂြိုဟ်ဖို့ဘာညာပေးမယ်ပြောပြီးမှ မပေးတော့ဘူး။ သူတို့ဘာသာသူတို့လုပ်မယ်တဲ့။ သူတို့ပင့်ထားတဲ့ဘုန်းကြီး ၃ ပါးနဲ့ သရဏဂုံ တင်မယ်။ သူတို့ကားနဲ့သူတို့ခေါ်လာမယ်။ ကျနော်တို့က ပို့ချင်ရင် အဲမှာသွားထိုင်စောင့်ပေါ့။မနက်ြဖန် ၁၀ နာရီ သင်္ချိုင်းကိုရောက်မယ်ပြောတယ်။ မသေချာဘူး။ သူတို့ကားနဲ့လာမှာဆိုတော့ ဘယ်အချိန်ရောက်မလဲ မသေချာဘူး။ လွတ်ငြိမ်းမပေးဘူး။ လွတ်ငြိမ်းမပေးခင်ဆုံးတာမို့ အမိန့်စာပြန်မယ်။"
စစ်ကောင်စီလက်ထက် နှစ်ရှည်ထောင်ဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ကျန်းမာရေးဆိုးဝါးနေသူတွေ၊ အရေးပေါ်ဆေးဝါး ကုသမှုခံယူဖို့လိုအပ်နေတဲ့ နာတာရှည်ရောဂါ ဝေဒနာရှင်တွေအတွက် ထောင်တွင်းဆေးရုံကုသမှုဟာ ဆိုးဝါးညံ့ဖျင်းလွန်းတယ်လို့လည်း အကျဉ်းသားအရေးဆောင်ရွက်သူတွေကပြောပါတယ်။ ကိုစိန်လင်းလိုပဲကွယ်လွန်ခါနီး နာရီပိုင်း ရက်ပိုင်းမှာမှ ထောင်ပြင်ပဆေးရုံကို ဆေးကုသခွင့်ပေးခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးမှုကလည်း ဒီနှစ်ပိုင်းမှာ ခပ်စိတ်စိတ် ဖြစ်လာနေပါတယ်။
အိုးဘိုထောင်မှာပဲ အကျဉ်းကျခံနေရတဲ့ (NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဦးဘိုဘိုငယ်အစာအိမ်ရောဂါ အပြင်းအထန်ခံစားနေရလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထောင်ပြင်ပထွက်ပြီး ဆေးကုသမှုခံယူနေရသလို အိုးဘိုထောင်မှာပဲ အကျဉ်းကျခံနေရတဲ့ NLD မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်လည်း ကင်ဆာဝေဒနာခံစားနေရပါတယ်။
အကျဉ်းထောင်တွေထဲ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာ လူ့အခွင့်အရေး၊ အကျဉ်းသားအခွင့် အရေးတွေ ချိုးဖောက်ခံရမှုတွေနဲ့ပါ ဆိုးဆိုးဝါးဝါးရင်ဆိုင်နေရပြီး သူတို့အတွက် လူသားချင်းစာနာ ထောက်ထားမှုအကူညီနဲ့ အရေးပေါ်ဆေးဝါးကုသပေးနိုင်မှု အရေးတကြီးလိုအပ် နေတယ်လို့ နိုင်ငံရေး အကျဉ်းသားကူညီပေးနေသူတွေကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကိုကူညီပေးနေသူ ဦးသိုက်ထွန်းဦးကတော့ ထောင်တွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု ညံ့အားနည်းတာ၊ ထောင်တွင်း အစားအသောက်ညံ့ဖျင်းပြီး သောက်သုံးရေ မသန့်ရှင်းမှု တွေကြောင့်အကျဉ်းကျခံနေရသူတွေမှာ ကျန်းမာရေးထိခိုက်မှုတွေပိုများလာသလို အသက်သေဆုံးမှုတွေလည်း ပိုများလာတယ်လို့ ဗွီအိုအေကို ပြောပြပါတယ်။
"အကျဉ်းထောင်အတွင်းမှာ ချိုးရေဟာ သန့်ရှင်းမှုမရှိဘဲ လုံလုံလောက်လောက် ချိုးခွင့်မရတာကြောင့် ပွေး၊ ဝဲ၊ ယားနာတွေဖြစ်တာ၊ သောက်သုံးရေမှာလည်း သန့်ရှင်းမှုမရှိတာ ခဲဓါတ်ပါဝင်မှုများတဲ့ သောက်သုံးရေကိုသောက်သုံးကြရတဲ့အတွက် အကျဉ်းထောင်ထဲမှာ ကျောက်ကပ်ဝေဒနာ ခံစားကြ ရတဲ့လူတွေလည်း ရှိတယ်။ အဲလိုအခြေအနေမျိုးမှာ နဂိုမူလကျောက်ကပ်ရောဂါရှိသူဆိုလည်း ထောင်ထဲကရေကိုသောက်လို့ ပိုပြီးရောဂါပြင်းထန်စေသလို တခြားရောဂါတွေ၊ ကိုယ်ခံအားကျဆင်း တာတွေ စတဲ့ရောဂါတွေလည်းရင်ဆိုင်နေကြရပါတယ်။ နောက်ပြီး ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုကလည်း အဆိုးဝါးဆုံးအခြေအနေဖြစ်နေတော့ တော်လှန်ရေးကာလလည်း ကြာလှပြီ၊ထောင်တွင်းအုပ်ချုပ်မှုလည်း မပြောင်းလဲဘူး၊ ကျန်းမာရေးစောင့်ရှောက်မှုပုံစံတွေ မပြောင်းလဲဘူး ဆိုရင်တော့နိုင်ငံရေးအကျဉ်းသားတွေနဲ့တခြားအကျဉ်းသားတွေ သေဆုံးမှုဟာ ဒီထက် ပိုဆိုးဝါးလာနိုင်သေးတယ်လို့ကျနော်တို့ကတော့သုံးသပ်ပါတယ်။”
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်တွင်း အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား ၁၀၃ ဦးရှိပြီး အဲဒီအထဲမှာ ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူက ၆၃ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ကွယ်လွန်သူ မန္တလေး နိုင်ငံရေးအကျဉ်းသား ကိုအငယ်လေး( ခ)ကိုစိန်လင်း ဟာ ၂၀၂၀ ခုနှစ် ပြည်သူ့ပါတီရဲ့ ချမ်းအေးသာဇံ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခဲ့ဖူးပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေ အလုပ်သမားရေးလှုပ်ရှားမှုတွေအပါအဝင် စိမ်းရောင်စို ၊ Green Justice Institute ၊ မန္တလေးသူငယ်ချင်းများအဖွဲ့တွေမှာပူးပေါင်းပါဝင်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးလှုပ်ရှားမှုတွေ သောက်သုံးရေရရှိရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ကိုစိန်လင်းဟာ အသက် (၅၉) နှစ်ရှိပြီဖြစ်ပါတယ်။
Your browser doesn’t support HTML5