ပုပ်ရဟန်းမင်းကြီး Francis မကြာခင် လပိုင်းအတွင်း သွားရောက်ဖို့ လျာထားတဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ခြောက်သိန်းကျော် ရှိနေတဲ့ မြန်မာ ကက်သလစ် ဘာသာဝင်တွေအတွက် ကြီးမားတဲ့ ခွန်အားဖြစ်စေတဲ့ အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို အထောက်အကူ ပေးမှာ ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် မြန်မာ- ကက်သလစ် ဘုန်းတော်ကြီး Timothy Hkui Shing Ling က ဗွီအိုအေကိုပြောပါတယ်။
ကက်သလစ် ပုပ်ရဟန်းမင်းကြီးတွေထဲမှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အဖြစ် ပုပ်ရဟန်းမင်းကြီး Francis ဟာ နိုဝင်ဘာလ နောက်ဆုံး သတင်းပတ်မှာ သွားရောက်ဖို့ရှိကြောင်း နာမည်ကြီး pan-Asian Catholic သတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။
ဗာတီကန် နန်းတော်ရဲ့အဆင့်မြင့် အရာရှိတွေကို ကိုးကားပြီး ပုပ်ရဟန်းမင်းကြီး Francis ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ အကုန်ပိုင်းလောက်မှာ ၄ ရက်ကြာသွားဖို့ အစီအစဉ်ရှိကြောင်း သတင်းတွေမှာ ဖေါ်ပြထားပေမယ့် ဗာတီကန်နန်းတော်ကတော့ စက်တင်ဘာလမှာ ခရီးစဉ်အသေးစိတ်ကို တရားဝင်ထုတ်ပြန် ကြေညာဖို့ ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံကို သွားမယ့် အဓိက အကြောင်းအရာနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ်က မြန်မာ-ကက်သလစ် ဘုန်းတော်ကြီး Timothy Hkui Shing Ling ကအခုလို သုံးသပ်ပါတယ်။
“ ကက်သလစ်က ကျွန်တော်တို့ တသန်း မပြည့်သေးဘူး ဆိုပေမယ့်လည်း၊ အဲဒီ ကက်သလစ် ယုံကြည်သူများကို သူ့ရဲ့ တရား အရိပ်အာဝါသ အောက်မှာ ကက်သလစ် ဘာသာဝင်တွေကို ဝိညာဉ် ခေါ်ပေးချင်တာကတော့ နံပါတ် (၁) ပေါ့နော်။ နံပါတ် (၂) ကတော့လည်း မြန်မာပြည်မှာခု ပဋိပက္ခဖြစ်နေတဲ့ ဖြစ်ရှိမှုတွေကို သူကနေပြီးတော့မှ အကောင်းဆုံးသော ဖြေရှင်းနည်းနဲ့ ငြိမ်းချမ်းသော ဖြေရှင်းနည်းတွေ အားဖြင့် ဖြေရှင်းဖို့ သူကတော့ ပြောပြသွားမှာ ဖြစ်ပါတယ်။”
ဒါအပြင် မြန်မာနိုင်ငံမှာ ရိုမန်ကက်သလစ် အသင်းတော်အနေနဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး တိုးတက် ဖွံဖြိုးမှု လုပ်ငန်းတွေအပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ စွမ်းစွမ်းတမံ ပါဝင်ကူညီမှုတွေကို ဗာတီကန် နန်းတော်က အသိအမှတ်ပြု အလေးထားတယ်ဆိုတာ ဒီခရီးစဉ်ကနေ ဖေါ်ပြရာရောက်တယ်လို့ ဘုန်းတော်ကြီး Timothy ကပြောပါတယ်။
၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ကက်သလစ် သာသနာ ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ပွဲတော်ကို ပုပ်ရဟန်း မင်းကြီး Francis ကြွရောက်ဖို့ CBCM ခေါ် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်က ဖိတ်ကြားခဲ့ပါတယ်။
နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်လာပြီးနောက် ဗာတီကန် နန်းတော်နဲ့ ဆက်ဆံရေး ပိုမို ကောင်းမွန်လာခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီနှစ်မေလက ဗာတီကန် နန်းတော်ကိုသွားပြီး ပုပ်ရဟန်းမင်းကြီး Francis နဲ့ တွေ့ဆုံမှု ရလဒ်အဖြစ် နှစ်ဘက် သံတမန်ရေးဆက်ဆံရေး အပြည့်အဝထားရှိဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒါကြောင့် သြဂုတ်လ (၂)ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်မြို့ပြ သံအမတ်ကြီး အဖြစ် ကိုးရီးယားလူမျိုး ဂိုဏ်းချုပ်ဆရာတော် Paul Tschang In-Nam ကို မြန်မာအစိုးရက လက်ခံအသိအမှတ် ပြုခဲ့ပါတယ်။ အခုလို ဗာတီကန်နဲ့ သံတမန်ဆက်ဆံရေးကောင်းမွန်လာတာနဲ့ ပတ်သက်လို့ ဘုန်းတော်ကြီးTimothy ရဲ့ အမြင်ကတော့
“ အဓိက က နံပါတ် (၁) ကတော့ ဒီဘာသာရေး အနေနဲ့ ဒီဗာတီကန် နိုင်ငံနဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဆက်နွှယ်မှုက ပိုပြီးတော့မှ ကောင်းမွန်လာမယ်၊ ပိုပြီးတော့မှ ပြည့်စုံလာမယ်၊ ခုလိုမျိုး ဗာတီကန်နဲ့ မြန်မာနိုင်ငံကနေပြီးတော့မှ သံတမန် သံအမတ် အဲ့လို ထားပြီးတော့မှ ဆက်နွှယ်ခြင်းအားဖြင့် မြန်မာပြည်ဘက် ဝိညာဉ်ရေးဘက်ရော လူမှုရေးဘက်ရော အစစအရာရာ တိုးတက်ကောင်းမွန်မှု ရှိလာမယ်ဆိုတာ ဖြေချင်တယ်။”
ဘန်ကောက်မြို့မှာ ရှိတဲ့ ဗာတီကန်သံရုံး ကနေ မြန်မာနိုင်ငံအတွက် ပူးတွဲ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး Francis ဟာသူရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နေပြည်တော်ကို သွားရောက်ပြီး သမ္မတ ဦးထင်ကျော် အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာ ဖြစ်သလို ရန်ကုန်မြို့က St. Joseph ကက်သလစ် ဘုရားကျောင်း ကွင်းပြင်အပါအဝင် နေရာ ၂ခုမှာ လူထု ဝတ်ပြုဆုတောင်းပွဲ ကြီးတွေ ကျင်းပဖို့ရှိတယ်လို့ ထိပ်တန်း ကက်သလစ်တာ ဝန်ရှိသူတွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။ အခုလို ပုပ်ရဟန်းမင်းကြီးရဲ့မြန်မာနိုင်ငံ ခရီးစဉ်ကနေ ရလာမယ့် မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့လည်း ဘုန်းတော်ကြီးTimothy ကအခုလိုပြောပါတယ်။
“ ပုပ်ရဟန်းမင်းကြီး သွားလာတဲ့ နိုင်ငံတိုင်းမှာတော့ ကျနော်တို့ ဘာသာရေး ယုံကြည်ခြင်းက ပိုပြီးတော့မှ ကြီးမားတိုးတက်တာ မြင်ရတယ်။ နောက် အဲဒီမှာရှိနေတဲ့ ဘာသာတူတွေရဲ့ယုံကြည်မှုခွန်အား ပိုပြီးတော့ တိုးပွားလာမယ်။ ဒီနိုင်ငံနဲ့ ကျနော်တို့ ယုံကြည်သူများနဲ့ အတူတကွ ပိုပြီးတော့ လုပ်ဆောင်ခြင်းတွေက မြင့်မားမှုရှိလာမယ် ဆိုတာကို ပြောချင်တယ်။ တခါ သူ့ရဲ့ visit လုပ်တယ် ဆိုတဲ့နေရာမှာ ပုပ်ရဟန်းမင်းကြီး အနေနဲ့ ကြတော့ ကမ္ဘာသူ ကမ္ဘာသားအားလုံးက သူ့ရဲ့ ဘုရား သားသမီးများလို့ သူကမြင်တာကိုး။ အဲတာကြောင့်မို့ သူကတော့ မြန်မာပြည် အလည်သွားတယ် ဆိုတာက သူ့ ကက်သလစ် ဘုရားသားသမီးတွေကိုပဲ သူကတော့ ကွက်ကြည့်မှာ မဟုတ်ဘူး။ မြန်မာပြည်သူ ပြည်သားများ ကိုလည်း ဘုရားရဲ့ သားသမီးများအနေနဲ့ သူက ဝိဥဉ်ခွန်အားတိုး တက် ဖြစ်ထွန်းစေမယ်။ ပြီးလို့ရှိရင် လူမှုရေးဘက်ကလည်း ဘာတွေဆောင်ရွက် ဖို့ လိုမလဲဆိုတာ သမ္မတနဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီလိုမျိုး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ”
ဒီနှစ်ကုန် မှာ ပုပ်ရဟန်းမင်းကြီး Francis ဟာ အာရှတိုက်ဘက်ကို ခရီးထွက်ဖို့ လေ့လာနေတယ်လို့ ဗာတီကန်နန်းတော်ပြောခွင့်ရ Greg Burke က ပြီးခဲ့တဲ့ ဇူလိုင်လက ပြောကြားခဲ့သလို ကက်သလစ် သတင်းအေဂျင်စီတွေအရ ပုပ်ရဟန်းမင်းကြီးဟာ အစတုန်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုသွားဖို့ စီစဉ်ထားတာကနေ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားဖို့ရှိကြောင်း ဖေါ်ပြခဲ့ကြပါတယ်။
လူဦးရေ ၅၁ သန်းကျော်ရှိပြီး ဗုဒ္ဓဘာသာဝင် အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ကက်သလစ် ခရစ္စယာန် ဘာသာဝင်ပေါင်း ၆ သိန်း ၆ သောင်းနီးပါးရှိပြီး ကက်သလစ် ဘုရားကျောင်းပေါင်း ၃၈၄ ခုရှိတဲ့အပြင် ရဟန်းအမတ် ကာဒီနယ် Charles Bo နဲ့ ကက်သလစ် ဂိုဏ်းအုပ်ဆရာတော် ၁၆ ဦး ၊ ကက်သလစ် ဘုန်းတော်ကြီး ၇၀၀ ကျော် ရှိတယ်လို့ ဗာတီကန်နန်းတော်က နောက်ဆုံး ထုတ်ပြန်ထားတဲ့ ၂၀၁၅ ခုနှစ် စာရင်းဇယားမှာ ဖော်ပြထားပါတယ်။ကျာ် ရှိတယ်လို့ ဗာတီကန်နန်းတော်က နောက်ဆုံး ထုတ်ပြန်ထားတဲ့ ၂၀၁၅ ခုနှစ် စာရင်းဇယားမှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5