စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AA ကြား တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတဲ့ ရခိုင်တောင်ပိုင်းက ဂွနဲ့ တောင်ကုတ်မြို့နယ်တွေကို စစ်ကောင်စီလေကြောင်းက တောက်လျှောက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ကလည်း တောင်ကုတ်မြို့ပေါ်ကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ဈေးတခုလုံး မီးလောင်ပျက်စီးသွားသလို နေအိမ်တော်တော်များများလည်း ပျက်စီးသွားတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူတဦးက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော်က တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲနေတာတွေကြောင့် မကြာခဏဆိုသလို အရပ်သား ထိခိုက်သေဆုံးတာတွေနဲ့ နေအိမ်အဆောက်အဦးတွေလည်း ပျက်စီးဆုံးရှုံးနေပါတယ်။
မနေ့ ဒီဇင်ဘာလ ၅ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မဈေးနဲ့ မြို့ပေါ်ရပ်ကွက်တချို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဈေးဆိုင်ခန်းတွေနဲ့ နေအိမ် တော်တော်များများ ပျက်စီးသွားတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူ တဦးက ပြောပါတယ်။
“မနေ့က စစ်ကောင်စီလေကြောင်းက ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတာ ရှိတယ် မြို့ပေါ်ရပ်ကွက် တော်တော်များများကို။ပြီးတော့ တောင်ကုတ် မြို့မဈေးကို ဗုံးနှစ်လုံးကြဲသွားတယ်။ ပေါင် ၅၀၀ ဗုံးလေ၊ အဲမှာ ဆိုင်းခန်း ၅၀ ကျော်လောက်ပျက်စီးသွားပြီးတော့ အနီးအနားကဆိုင်ခန်း အသေးအကြီးတွေ လည်း တော်တော်ပျက်စီးသွားတယ်။ ဆိုင်ခန်း၅၀ကျော်ကတော့ လုံးဝပြာကျသွားတဲ့အဆင့် ဖြစ်သွား တယ်။ ပြီးတော့ ဈေးအနီးမှာရှိတဲ့ စားသောက်ကုန်သိုလှောင်တဲ့ပွဲရုံတွေ တော်တော် ပျက်စီးသွားတယ်။ ပြီးတော့ ဈေးအနီးဝန်းကျင်က နေအိမ်တွေလည်း တော်တော်ပျက်စီးသွားတာရှိတယ်။”
AA အနေနဲ့တောင်ကုတ်မြို့နယ်ကို ပြီးခဲ့တဲ့လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး တောင်ကုတ်မြို့ပေါ်ကိုAAဘက်က ထိန်းချုပ်ထားနိုင်ပြီးဖြစ်တယ်လို့ ပြီးခဲ့လကုန်ပိုင်းက AAဘက်က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ကျန်ရှိသေးတဲ့ စကခ ၅ ဌာနချုပ်နဲ့ ခမရ ၅၄၄၊ ခမရ ၃၄၆ တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဲဒီထဲက ခမရ ၅၄၄၊ခမရ ၃၄၆တို့ကို သိမ်းပိုက်ထားနိုင်ပြီးလို့လည်း ရခိုင်စစ်ရေးစောင့်ကြည့်သူတွေက ပြောပါတယ်။
ဒါ့အပြင် တောင်ကုတ်မြို့နယ်အတွင်းကို စစ်ကောင်စီအနေနဲ့ စစ်အင်အား ဖြည့်တင်းတာတွေ မလုပ်နိုင် တာကြောင့် မကြာခင်ကာလမှာ လက်ကျန် စကခ ၅ လည်း ကျသွားနိုင်တယ်လို့ ရခိုင်စစ်ရေး စောင့်ကြည့်သူတဦးကပြောပါတယ်။
“ကျနော်တို့ အထင်ပြောရရင်တော့ စကစဟာ ဒီရက်ပိုင်းမှာ သူတို့ လက်လွှတ်ရလိမ့်မယ်လို့ထင်တယ်။ သူတို့လက်လွှတ်ရမယ့် နေရာတော်တော်များများကိုလည်း ဒီအတိုင်းပဲ ဗုံးကြဲနေကျပဲ။ အခုလည်း ဒီအတိုင်းပဲ သူတို့လက်လွှတ်ရတော့မယ်ဆိုတာကို သိတဲ့အတွက်ကြောင့် ဒီမြို့ကို မပျက်,ပျက်အောင် ဖျက်စီးသွားမယ့် သဘောရှိတယ်။သူတို့ လက်လွှတ်ရတဲ့အခါ ဒီနေရာတိုင်း တောင်တလုံးမကျန် အောင်ဆိုတဲ့ ပုံစံပေါ့၊ တကယ်တော့ တိုက်ပွဲနေရာတွေကိုလေကြောင်းပစ်ကူနေတာ မဟုတ်ဘူး။ တိုက်ပွဲနဲ့ မဆိုင်တဲ့ နေရာတွေကို ဗုံးကြဲနေတာဆိုတော့လေ။”
တဆက်တည်းမှာပဲ ဂွမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကိုလည်း အာရက္ခတပ်တော်AA ဘက်ကဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲတွေဟာ မြို့အနီးအနားကို ရောက်ရှိနေ တာလည်းဖြစ်ပါတယ်။စစ်ကောင်စီဘက်ကတော့ ဂွမြို့နယ်အတွင်းကို ဧရာဝတီတိုင်းဘက်ကနေ စစ်အင်အားတွေ ဆက်တိုက်ဖြည့်ပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
“ဂွမှာတော့ သူတို့ ဧရာဝတီလမ်းကြောင်းကနေပြီးတော့ အင်အားဖြည့်တယ်လို့ သိရတယ်။ တင့်ကား ၆ စီး ရောက်တယ်လို့ပြောတယ်။ အဲဒီမှာ အင်အားလည်း အတော်အသင့်ပါတယ်လို့ကြားတယ်။ ဒါပေမယ့် ဒီအင်အားဟာလည်း အခုစစ်မှုထမ်း အပတ်စဉ်တွေထဲက ထုတ်နုတ်ပြီးတော့ ပို့တာဆိုတော့ သူတို့က တိုက်ပွဲတပွဲကို စနစ်တကျခုခံဖို့ အင်အားမျိုးတော့ မဟုတ်ဘူး။ အရေအတွက်များဖို့ပဲ ဖြည့်ပေးလိုက်တဲ့ သဘောဆိုတော့ ဂွမြို့လည်း ဒီလထဲမှာပဲ ကျသွားလိမ့်မယ်လို့ ထင်တာပဲ။”
လက်ရှိမှာတော့ တိုက်ပွဲတွေ မြို့အနားရောက်လာတာကြောင့် ဂွမြို့ခံတွေဟာ ဧရာဝတီတိုင်းနဲ့ တခြား ဘေးလွတ်ကင်းနိုင်မယ့် နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲ တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ဒေသခံတွေကပြောဆိုကြပါတယ်။
ဒါ့အပြင် အမ်းနဲ့ မောင်တော ၎င်းမြို့နယ်တွေကိုလည်း AA ဘက်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေ ဆဲဖြစ်ပြီး နှစ်ဘက်တိုက်ပွဲဆက်လက်ပြင်းထန်နေတာပါ။ မောင်တောမှာတော့ နခခ ၅ ဌာနချုပ်တခုသာ ကျန်ရှိနေသလို အမ်းမှာတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တခြားတပ်ရင်းတချို့ ကျန်ရှိနေသေး တယ်လို့ ပြီးခဲ့လကုန်ပိုင်းက AA ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ ရခိုင်ဘက်က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
Your browser doesn’t support HTML5