ရခိုင်ပြည်နယ် အမ်းမြို့နယ်က စစ်ကောင်စီတပ်စခန်းအများအပြားကို အာရက္ခတပ်တော် AA အဖွဲ့က ထိန်းချုပ်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေနဲ့ အကဲခတ်တွေက ပြောပါတယ်။ အမ်းမြို့နယ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချတာရှိခဲ့ကြောင်းလည်း AA အဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။
ရခိုင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ ထားတာကို မခင်လေး တင်ပြထားပါတယ်။
အာရက္ခတပ်တော် AA က လနဲ့ချီ ထိုးစစ်ဆင်နေတဲ့ အမ်းမြို့နယ်မှာ နယ်မြေတော်တော်များများကို ထိန်းချုပ်ထားပြီး နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နပခ စစ်ဌာနချုပ်အနီး ဒီကနေ့အထိ တိုက်ပွဲတွေလည်း ဆက်လက် ပြင်းထန်နေတယ်လို့ရခိုင်စစ်ရေးစောင့်ကြည့်နေသူတဦးက ပြောပါတယ်။
“အမ်းကတော့ လေလိုင်းပေါ်မှာပဲသိမ်းနေကြတာ။ တကယ့်ကို မြေပြင်အခြေအနေမှာတော့ တိုက်ခိုက် နေတဲ့သူတွေ၊ သေနတ်ပစ်သံတွေ နပခ ဌာနချုပ်ပတ်ဝန်းကျင်မှာ မီးဟုန်းဟုန်းတောက် နေတာ။ ကြားရသလောက်တော့ မြေအောက်ဂူတွေ တူးလို့ရှိတယ်လို့ ကြားရတယ်။ သူတို့ အဲဒီကနေ ပြီးတော့ ခုခံနေတာရှိတယ်။ စစ်ကောင်စီက လေကြောင်းကလည်း အဆက်မပြတ်ပစ်နေတယ်။ စစ်ကူတွေ လည်း တောင်ဇောက်ဘက်ကနေ ဆင်းနေတော့ အဲဒီဘက်တွေလည်း ထိတွေ့တိုက်ပွဲဖြစ် နေတာရှိတယ်။”
အမ်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယိုမှတ်တမ်းတခုကိုလည်း AA အဖွဲ့က မနေ့ကပဲ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ အမ်းမြို့နယ်ကို မကွေးတိုင်းဘက်ကနေ အမ်း-ပဒန်းလမ်း တရုတ်ပိုက်လိုင်း တလျှောက်ကနေ စစ်ကူတွေ ပို့နေတာရှိတယ်လို့လည်း စစ်ရေးစောင့်ကြည့်သူတွေကပြောပါတယ်။
တဆက်တည်းမှာပဲ အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်တောင်ပိုင်းက ဂွမြို့နယ်ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပြီး နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။
လက်ရှိမှာတော့ AA ထိုးစစ်ဟာ ဂွမြို့ပေါ်အထိ ထိုးဖောက်ဝင်ရောက်နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူကပြောပါတယ်။
“ဂွမှာတော့ မြို့ထဲမှာပဲ ဖြစ်နေတာ။ တိုက်ပွဲက၊ စစ်ကောင်စီကတော့ အဲဒီငသိုင်းချောင်းဘက်အထွက် တမိုင်ကျော် နှစ်မိုင်ကျော်လောက်မှာ လက်နက်ကြီးစခန်းတွေရှိတယ်။ အဲဒီဘက်ကို သူတို့လူတွေ နောက်ဆုတ်တယ်လို့တော့ ကျနော်တို့ ကြားတယ်။ ဂွက ဆက်ပြီးတော့ ပြင်းထန်နေတယ်။ အဲဒီမှာ လေကြောင်း၊ ရေကြောင်း လက်နက်ကြီးတွေ ဂွမြို့မှာပဲ စုနေတာ။ အခု တော်တော့ကို ပြင်းထန်နေ တာပဲအခု။”
အာရက္ခတပ်တော်AAအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်နဲ့မောင်တောမြို့နယ်တွေကို ဒီလထဲ မှာပဲ ထိန်းချုပ်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၂ခုနဲ့ ချင်းပြည်က ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ခဲ့ကြောင်း ကြေညာထားပါတယ်။
အမ်းနဲ့ ဂွမြို့ကို သိမ်းပိုက်နိုင်ဖို့ AAဘက်က ထိုးစစ်တိုက်ခိုက်နေတာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်ကိုလည်း AA က ပိတ်ဆို့ထားပြီး စစ်ရေးအရ ဖိအားပေး နေတာပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင် အကြီးတန်းအရာရှိတွေပါ ဖမ်းဆီးခံရပြီး လက်နက်ချသူ ရာနဲ့ချီ ရှိနေတယ်ဆိုတဲ့ သတင်းတွေ အပါအဝင် ရခိုင်ပြည်နယ် စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
Your browser doesn’t support HTML5