ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ၂၄ ရက်နေ့ အစီရင်ခံစာထုတ်မည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်။ ဒီဇင်ဘာ ၂၆၊ ၂၀၁၆

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan ဦးဆောင်ပြီး မြန်မာနဲ့ နိုင်ငံတကာကျွမ်းကျင်သူတွေပါဝင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်က အပြီးသတ်အစီရင်ခံစာကို သြဂုတ် လ ၂၄ ရက် ကြာသပတေးနေ့မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ပဋိပက္ခတားဆီးရေး၊ ပြန်လည်သင့်မြတ်ရေး၊ အခြေခံဝန်ဆောင်မှုများရရှိနိုင်ရေး၊ လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိနိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အကြောင်းအရာတွေ အစီရင်ခံစာထဲမှာ ပါဝင်လိမ့်မယ်လို့ ကော်မရှင်က အသိပေးထားပါတယ်။

အစီရင်ခံစာမထုတ်ပြန်ခင် ဒီရက်ပိုင်းအတွင်း ကော်မရှင် ဥက္ကဋ္ဌ Mr. Kofi Annan မြန်မာနိုင်ငံကိုလာရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူတချို့နဲ့ အရင်တေ့ွဆုံမယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်သူတွေရဲ့ လူမှုဘဝ တိုးတက်စေမယ့် ဘက်မလိုက် အကြံပြုချက်တွေပေးဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံရုံးကနေ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် အသိုင်းအဝိုင်းတွေကြား နှစ်ပေါင်းကြာရှည်ထဲကရှိနေခဲ့တဲ့ ပြဿနာတွေပြေလည်နိုင်ရေးနဲ့အေးချမ်းဖံ့ွဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တွေကို အဓိကအကြံပြုနိုင်ဖို့ ဖွဲ့စည်းထားတာကြောင့် ဒီကော်မရှင်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ရှိမရှိဆိုတာကိုတော့ အဓိကထား စုံစမ်းတာမဟုတ်ပါဘူး။

ရခိုင်ပြည်နယ်မောင်တောခရိုင်ထဲမှာ လက်နက်ကိုင်တချို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူနည်းစု မွတ်ဆလင်တွေအပေါ် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ စုံစမ်းခဲ့တဲ့ မောင်တောဒေသစုံစမ်းရေးကော်မရှင်ကတော့ကုလသမဂ္ဂက စွပ်စွဲခဲ့သလို လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုမျိုးတွေ မရှိခဲ့သလို မျိုးပြုတ်သတ်ဖြတ်တယ်လို့ ယူဆနိုင်တဲ့အခြေအနေမျိုးလည်း မတွေ့ရှိခဲ့ရဘူးလို့ သြဂုတ်လဆန်းပိုင်းက အပြီးသတ်အစီရင်ခံစာထုတ်ပြန်စဉ်မှာ ကော်မရှင်ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။ ဒီအပေါ် နိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တချို့က ဝေဖန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ၂၄ ရက်နေ့ အစီရင်ခံစာထုတ်မည်