ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်လို့ သောကြာနေ့က နိုင်ငံတော်သမ္မတ အိမ်တော်မှာ အထူးအစည်းအဝေးပွဲတရပ် ခေါ်ယူကျင်းပခဲ့ပါတယ်။ ရခိုင်အရေးအတွက် နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု ခံနေရပြီး လူ့အခွင့်အရေး အဖွဲ့တွေက မြန်မာနိုင်ငံကို ဝိုင်းဝန်းဖိအား ပေးနေကြတာမို့ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေတယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။ ကိုဉာဏ်ဝင်းအောင် က စုစည်းတင်ပြထားပါတယ်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဦးဆောင်ပြီး ရခိုင်အရေးအထူးအစည်းအဝေးပွဲတရပ်ကို နိုင်ငံတော်သမ္မတအိမ်တော်မှာ ဇွန်လ(၃၀)ရက် သောကြာနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အထူးအစည်းအဝေးမှာ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက VOAကို ရှင်းပြပါတယ်။
"အဓိကကတော့ နံပတ်တစ် ဒုသမ္မတ ဦးမြင့်ဆွေက မောင်တောဒေသ စုံစမ်းရေးကော်မရှင် ဆောင်ရွက်ချက်တွေကို ရှင်းပြတယ်။ နောက်နံပတ် ၂က ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဒေါက်တာကိုဖီအာနန် ကော်မရှင် အကြံပြုချက်တွေ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေကို သူရှင်းတယ်။ နံပတ် ၃က အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်းက မစ်ရှင်နဲ့ပတ်သက်ပြီး တုန့်ပြန်ဆောင်ရွက်မယ့်အနေအထားတွေ ရှင်းတယ်။ နောက်ဒုတပ်ချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်မှုးကြီးစိုးဝင်းက မောင်တောဒေသ လုံခြုံရေးအခြေအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေ ဒါတွေကို ရှင်းတယ်ပေါ့နော်။ ပြီးတာနဲ့ အစည်းအဝေးတက်လာတဲ့သူတွေ ဝိုင်းပြီးတော့ ဆွေးနွေးကြတယ်။ အစည်းအဝေးကတော့ အဲ့တာပါပဲ။"
ဒီအကြောင်းရာတွေပေါ်မှာ ရှေ့ဆက်ဘယ်လို ဆောင်ရွက်သွားမလဲဆိုတဲ့ အစီအစဉ်တွေကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပေမယ့် အဲဒီဆွေးနွေးချက် အသေးစိတ်ကို ဖြေကြားဖို့ ဦးဇော်ဌေးက ငြင်းဆိုပါတယ်။
ရခိုင်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ကို လာခွင့်မပေးဘူးလို့ အစိုးရက လွှတ်တော် မှာ ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး၊ ပြည်တွင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်သံတွေ ပြင်းပြင်းထန်ထန် ကြားလာရပြီးနောက်အခုလို သမ္မတအပါအဝင် စစ်ဖက်နဲ့ လုံခြုံရေး ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်တွေ ရခိုင်အရေးအတွက် ပထမဦးဆုံး တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ကုလအချက်လက်ရှာဖွေရေး အဖွဲ့နဲ့ပတ်သက်လို့ လုပ်ဆောင်မယ့် အနေအထားတွေကို ဆွေးနွေးပွဲမှာ တင်ပြခဲ့သလို၊ ဇူလိုင်(၃)ရက်နေ့မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ချ်နိုင်ငံကို သွားရောက်ပြီး ဘင်္ဂလားဝန်ကြီးချုပ်အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးဖို့ရှိပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ဖိအားကို ဘယ်လိုတုန့်ပြန်မလဲ ဆိုတာစဉ်းစားနိုင်ဖို့ အခုလို အရေးပေါ်အစည်း အဝေးတရပ် ကျင်းပခဲ့ပုံရတယ်လို့ ဂျာမနီနိုင်ငံ ဘာလင်တက္ကသိုလ်ရဲ့ အရှေ့တောင်အာရှရေးရာ သုတေသနဌာန ကထိကဟောင်း ဦးခင်မောင်စောက သုံးသပ်ပါတယ်။
"အခုနောက်ဆုံးဖြစ်နေတာ သူတို့ဘင်္ဂလီထဲကပဲ အချင်းချင်း ရွာသူကြီးတွေကိုသတ်တာ၊ ဆယ်အိမ်ခေါင်းတွေကိုသတ်တာ ခနခန သတ်နေတယ် ဒါဖြစ်နေတာက ဒီလိုဖြစ်နေတာ အမှန်က ဒီလိုပါဆိုတာမပြောလိုက်နဲ့ ပြောလိုက်တာ နောက်တနေ့ အဲ့လူကို လာသတ်မှာ အဲ့လိုတွေဖြစ်နေတယ် အဲ့တာမျိုးတွေကို ဒီကမ္ဘာက ဘာမှ ပြောဖော်မရဘူး။ UN ဆိုသူများကလည်း ဘာမှ ပြောဖော်မရဘူး။ အဲ့တော့ ဗမာအစိုးရက ဘယ်လိုတုန့်ပြန်နိုင်မလဲ ဆိုတော့ အခုအတိုင်းပဲ လက်မခံနိုင်ဘူးပဲ ထားပြီးတော့မှ သူတို့တောင်းဆိုချက်နဲ့ ကိုယ့်ဘက်က အကြံပေးချက်နဲ့ အဲ့နှစ်ခုကို လိုက်လျောညီထွေ ဖြစ်မဖြစ် ကြည့်ပြီးတော့ အဲ့ဒီ့အတိုင်း ဆက်ပြီးတော့ လုပ်မှပဲလို့ ကျနော်ကတော့မြင်တယ်။"
ရခိုင်အရေး နဲ့ပတ်သက်လို့ ကုလသမဂ္ဂကရော အခြားလူ့အခွင့်အရေးအဖွဲ့တွေကပါ ဆက်ပြီး ဖိအားပေးနေမယ်ဆိုရင် မြန်မာပြည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အဟန့်အတား ဖြစ်လာစေမှာဖြစ်ပြီး၊ ဒီမိုကရေစီ အကောင်အထည်ဖေါ်ရေးကို နှောင့်နှေးသွားနိုင်တယ်လို့ ဦးခင်မောင်စောက မြင်ပါတယ်။
" ပြောရမယ်ဆိုရင်တော့ မြန်မာပြည်အရင်တုန်းကရှိခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ကို ဘယ်သူကမှ အယုံအကြည်မရှိခဲ့လို့ ဒါတွေက ဖြစ်လာရတဲ့ပြသနာတွေကို အဲ့တော့ ဗမာပြည်အစိုးရအမှန်ပြောလည်း အမှားပဲ။ ဒေါ်စုအစိုးရတက်လည်း အမြင်က မပြောင်းဘူး။ ရခိုင်ကိစ္စထက် အရေးပါတာ ဘာရှိလဲ ဆိုလို့ရှိရင် ကချင်ကိစ္စလည်းရှိတာပဲ ဒီ့ပြင်ဟာတွေလည်း ရှိတာပဲ။ အဲ့တာတွေကို ဘာမှမပြောဘူး ဒီရိုဟင်ဂျာဆိုသည်များကိုပဲ အလွန့်အလွန်ဦးစားပေးပြီး လုပ်နေတယ်။ အဲ့တော့ ကျနော့်အမြင်ကတော့ ကုလသမဂ္ဂရော နိုင်ငံတကာအဖွဲ့အစည်းဆိုသူများကရော သူတို့ဒီအတိုင်းပဲ ဆက်ဖိအားတွေ လုပ်နေမယ်ဆိုရင် ဒေါ်စုအစိုးရအဖို့ ဘေးကျပ်နံကျပ်ဖြစ်လာမယ် ဗမာပြည်ရဲ့လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေလည်း အကုန်လုံးအတွက် အဟန့်အတားတွေဖြစ်ကုန်မယ် လူ့အခွင့်အရေးတို့ ဒီမိုကရေစီ အကောင်အထည်ဖော်ရေးတို့ အားလုံးအတွက် နှောင့်နှေးသွားနိုင်တယ်။ ဆုတ်ယုတ်သွားနိုင်တယ်။"
သမ္မတအိမ်တော်က အထူးအစည်းအဝေးကို သမ္မတဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦးနဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းတို့ တက်ရောက်ခဲ့ကြပါတယ်။
Your browser doesn’t support HTML5