ပြင်းထန်နေတဲ့ ရခိုင်စစ်ပွဲတွေကြား အရပ်သားသေဆုံးမှု ပိုများပြားလာ

တောင်ကုတ်မြို့ ကင်းထောင်စံပြရွာ ဗုံးကြဲခံရအပြီး မြင်ကွင်း (အောက်တိုဘာ ၄၊ ၂၀၂၄)

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား တိုက်ပွဲပြင်းထန်နေဆဲ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ပိုတိုးလာနေပါတယ်။ အထူးသဖြင့် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက် သေဆုံးမှုတွေ များလာနေတာပါ။ ရခိုင်ဘက်က စစ်ရေးပဋိပက္ခနောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြားတိုက်ပွဲတွေ ပြင်းထန်နေတာ တနှစ်နီးပါးရှိလာနေချိန်မှာ ရခိုင်မြောက်ပိုင်းက မြို့နယ် ၁ဝ ခုနဲ့ စစ်ကောင်စီရဲ့ တပ်စခန်း တော်တော်များများကို AA အာရက္ခတပ်တော်ဘက်က သိမ်းပိုက်ထားပါတယ်။ အခုလို ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အနှံ့က မြို့ရွာ လူနေရပ်ကွက် တွေဆို မကြာခဏဆိုသလို လာရောက်ဗုံးကြဲနေတာတွေကြောင့် အရပ်သား သေဆုံးမှုတွေ တနေ့ထက်တနေ့ ပိုများလာပါတယ်။

စစ်ကောင်စီဟာ စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ အဆောက်အဦးတွေကို အဓိကဦးတည်ပြီး တော့ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ခိုင်သုခက အောက်တိုဘာလ ၃ဝ ရက်နေ့က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

“ရခိုင်ပြည်နယ် အနှံ့က စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ စာသင်ကျောင်း၊သာသနိက အဆောက်အဦ၊ ဆေးရုံ ဆေးခန်းတွေကို အကြမ်းဖက် စစ်ကောင်စီက လူမျိုးရေးအရ အငြိုးအတည်း တွေပေါ်မှာ အခြေခံပြီးတော့မှ နေ့စဉ်နေ့တိုင်း ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုတွေ တောက်လျှောက် ကျူးလွန်နေတာရှိပါတယ်။ ဒါဟာ အကြမ်းဖက်စစ် ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်သလို ဂျနီဗာ ကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်ရာရောက်တယ်ဗျာ။”

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့နယ်မှာလည်း အောက်တိုဘာလ အကုန်ပိုင်းမှာပဲ စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၂ဝ ကျော်သေဆုံးခဲ့တယ်လို့ AA ဘက်က ပြောဆိုထားတာပါ။ ကြာသပတေးနေ့အထိလည်း အမ်းမြို့ပေါ်မှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေသလို တိုက်ပွဲအတွင်း အရပ် သားထောင်ချီ ပိတ်မိနေကြပါတယ်။ ပိတ်မိနေတဲ့ အမ်းမြို့ထဲက ဒေသခံတချို့ဟာ လက်နက်ကြီးကျည်တွေနဲ့ စစ်ကောင်စီလေကြောင်း ပစ်ခတ်မှုတွေကြောင့် သေဆုံးဒဏ်ရာရနေကြပါတယ်။ အမ်းမြို့ပေါ်မှာ စားနပ်ရိက္ခာတွေလည်းပြတ်တောက် နေကြတာကြောင့် စားဝတ်နေရေး အရေးပေးလိုအပ်နေတယ်လို့ အမ်းမြို့ပေါ် ပိတ်မိနေသူတဦးက ပြောပါတယ်။

“ကျနော်တို့ အမ်းမြို့နယ်မှာတော့ စားဝတ်နေရေးက ထမင်းငတ်နေတဲ့ သူတွေ တော်တော် များနေပါပြီခင်မျာ။ အခုက ဆန်ခွဲတပြည်ကို ၇ဝဝဝ ရှိနေပါပြီ။ ပြီးတော့ ထမင်းချက်ဖို့ကလည်း သူတို့က မီးခိုးတွေမြင်ရင် လှမ်းပစ်မှာလည်း ကြောက်ရတော့ ထမင်းလည်းချက်မစားရဲကြဘူ။”

အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်ပြည်နယ်က အမ်း မောင်တော ဂွမြို့နယ်တွေကို သိမ်းပိုက်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီဒေသတွေမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် တိုက်ပွဲ အခြေ အနေတွေနဲ့ ပတ်သတ်ပြီးသတင်းရယူဖို့ ခက်ခဲနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တလအတွင်းမှာပဲ စစ်ကောင်စီလေကြောင်းနဲ့ လက်နက်ကြီး ပစ် ခတ်မှာကြောင့် ရခိုင်ဒေသခံ ၆ဝကျော်သေဆုံးပြီးတော့ ၁ဝဝကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်အခြေစိုက် Development Media Group(DMG) သတင်းဌာနက ကောက်ယူထားတဲ့ စာရင်းမှာဖော်ပြထားပါတယ်။ ရခိုင်ဘက်က တိုက်ပွဲအခြေအနေ၊ အရပ်သားထိခိုက်သေဆုံးမှုသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Your browser doesn’t support HTML5

ပြင်းထန်နေတဲ့ ရခိုင်စစ်ပွဲတွေကြား အရပ်သားသေဆုံးမှု ပိုများပြားလာ