စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်ကုတ်မြို့ပေါ်ကို AAဘက်က ထိန်းချုပ်ထားပြီး မြို့ပေါ်မှာပိတ်မိနေတဲ့အရပ်သားတွေကို AA က ကယ်ထုတ်နေတယ်လို့ တောင်ကုတ်ဒေသခံတဦးကပြောပါတယ်။စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ဒီရက်ပိုင်း အရပ်သား (၉) ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က ဂွ၊ အမ်းနဲ့ မောင်တောမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ရခိုင်ဘက်က စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးထားပါတယ်။
အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်နေတဲ့ မြို့နယ်တွေထဲက တခုဖြစ်တဲ့ တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတော်တော်များများ AAဘက်ကသိမ်းပိုက်ထားပြီး မြို့ပေါ်အထိ ထိန်းချုပ်ထား နိုင်ပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာတော့ တောင်ကုတ်မြို့ပေါ်မှာ ပိတ်မိနေတဲ့ ဒေသခံတွေကို AA ဘက်က ကယ်ထုတ်နေတယ်လို့တောင်ကုတ်မြို့ပေါ်ကနေ ထွက်ပြေး တိမ်းရှောင် လာတဲ့ ဒေသခံတဦးကပြောပါတယ်။
“မြို့ပေါ်မှာ တိုက်ပွဲတွေက နည်းသွားပြီလို့ပြောလို့ရတယ်။ မြို့ပေါ်ကို AA က ထိန်းချုပ်ထားပြီလို့ ပြောလို့ရတယ်။ မြို့ပေါ်မှာ ပိတ်မိနေတဲ့သူတွေကို တပ်တော်လာပြီးတော့ ကယ်ထုတ်နေတာတွေလည်း ရှိတယ်။ သွားလာလှုပ်ရှားနေတာတွေရှိတယ်။ နောက် စစ်ကောင်စီတပ်တွေက အထိုင်ချထားတဲ့ တပ်ဆုတ်သွားပြီးတော့ သူတို့ တပ်ရင်း တပ်မတွေထဲကို ဝင်သွားကြပြီးတော့ အဲဒီကနေ ခံစစ်ပြင်နေတာတွေ့တယ်။”
အခုလို တပ်စခန်းတော်တော်များများ လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီအနေနဲ့ လေကြောင်း ကနေ ဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ဒီရက်ပိုင်းအတွင်းမှာပဲ အရပ်သား ၉ ဦးထက်မနည်း သေဆုံးပြီးဒဏ်ရာရတာတွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။
“မြို့ပေါ်မှာဆိုရင် မကြာသေးခင်ကပဲ အောင်မြင့်အေးဆိုသူတယောက် သူကတော့ အသက် ၄၀ လောက် ရှိနေပြီ။ သူက ၁၇ ရက်နေ့လောက်မှာ တိုက်ပွဲမှာပဲ ဗုံးဆံထိပြီးတော့ဆုံးတယ်လို့ကြားတယ်။ ပြီးတော့ ၁၉ ရက်နေ့မှာကျတော့ သင်္ချီကိုင်းရွာ ဒီရွာကတော့ ချင်းတိုင်းသားတွေနေတဲ့ရွာ အဲဒီရွာကို ဗုံးကျတယ်။ အဲဒီမှာ အရပ်သား ၄ ယောက်ဆုံးပြီးတော့နောက်ထပ် ၆ ယောက်လောက် ဒဏ်ရာရတာရှိတယ်။ ပြီးရင် ဒီဘက် သံတွဲဘက်ကိုထွက်တဲ့လမ်းမှာ ရန်ခိုရွာ အဲမှာလည်း အရပ်သား ၄ ယောက်လောက် သေဆုံးခဲ့တယ်။ နောက်ဒဏ်ရာရတာလည်းရှိတယ်။”
လက်ရှိမှာတော့ တောင်ကုတ်မြို့ပေါ်ကို AA ဘက်က ထိန်းချုပ်ထားနိုင်ပြီဆိုပေမယ့် စစ်ကောင်စီက အဓိကတပ်မ,တပ်ရင်းတွေဖြစ်တဲ့ စကခ (၅) ၊ ခမရ (၃၄၆) ၊ ခမရ (၅၄၄) စတဲ့တပ်တွေ မြို့အပြင်ဘက်မှာ ရှိနေပါသေးတယ်။
စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ လေကြောင်းကို အဓိကအသုံးပြီးတော့ လူနေရပ်ကွက် ကျေးရွာတွေဆေးရုံ ဆေးခန်းတွေနဲ့ သာသနိက အဆောက်အအုံတွေကိုဗုံးကြဲ တိုက်ခိုက်နေတာကြောင့် မကြာခဏဆိုသလိုအရပ်သားတွေ သေဆုံးနေကြရတယ်လို့ တောင်ကုတ်ဒေသခံတဦးက ပြောပါတယ်။
“ လေကြောင်းအန္တရာယ်တခုကိုတော့ စိုးရိမ်ရတယ်။ လေယာဉ်တွေ၊ လက်နက်ကြီးတွေက မထင်ရင် မထင်သလို လှမ်းပစ်တယ်။ အခုနောက်ပိုင်းဆိုရင် သူတို့က အရပ်သားတွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်လာတာတွေ့တယ်။ စစ်ပွဲထဲမှာအာရုံသိပ်မရှိတော့ဘူး။ နောက်တခု သူတို့က စစ်ပွဲကိုလည်း နိုင်အောင်မတိုက်နိုင်သလို နိုင်အောင်တိုက်ဖို့ အရည်အချင်းလည်းမရှိဘူး။ သူတို့လုပ်နိုင်တာ ဘာလဲ ဆိုရင် ပြည်သူတွေနေတဲ့ အဆောက်အဦးတွေ၊ နေအိမ်တွေကို ဗုံးကြဲမယ်၊မီးတိုက်မယ်၊ အဲလိုမျိုး လုပ်တယ်။ ၂ဝ ရက်နေ့ညနေကဆိုရင် ခမရ (၃၄၆) တပ်နဲ့အနီးမှာရှိတဲ့ ဖုန်ညိုရွာကို စကခ ၅ တပ်မ ထဲက လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ အဲမှာ နေအိမ်တော်တော်များများ မီးလောင်သွားတယ်။ အဲလို မျိုးတွေရှိတယ်။”
ဒါ့အပြင် ရခိုင်တောင်ပိုင်းက ဂွမြို့နယ်မှာလည်း စစ်ကောင်စီနဲ့အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီဘက်ကတော့ လေကြောင်း ရေကြောင်းတွေကနေ လက်နက်ကြီးတွေ ပစ်ကူပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တဆက်တည်းမှာပဲ အမ်းနဲ့ မောင်တောမြို့နယ်တွေကိုလည်း အာရက္ခတပ်တော် AAဘက်က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေ တာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
ရခိုင်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA နှစ်ဘက်စလုံး သတင်းတစုံတရာ ထုတ်တာမျိုး မတွေ့ရသေးပါဘူး။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။
Your browser doesn’t support HTML5