ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်အတွင်းက ခရိုင်ကျေးရွာကို ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦး ထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ်မြို့နယ် အပါအဝင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေတာနဲ့အမျှ ဒေသခံတွေ သေဆုံးမှုတွေလည်း တိုးလာနေတာပါ။ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲ အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် တောင်ပိုင်း တောင်ကုတ်မြို့နယ်အတွင်းက ခရိုင်ကျေးရွာကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီလေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့်အရပ်သား ၃ ဦး သေဆုံးပြီးတော့ ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်စစ်ရေးစောင်ကြည့်နေသူတဦးကပြောပါတယ်။
“ဒီဇင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီကျော်လောက်မှာ ကျနော်တို့ တောင်ကုတ်မြို့ နဲ့ ၂၇ မိုင်ခန့်လောက် အကွာမှာရှိတဲ့ခရိုင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲသွားတယ်။ ဗုံးလေးလုံးလောက်ကျ တယ်လို့ပြောတယ်။ အဲဒီမှာတောင်ကုတ်က စစ်ဘေးရှောင်နေတဲ့ စစ်ဘေးရှောင် ၂၀ ကျော်လောက် ဒဏ်ရာရတယ်။ ၂ ဦးသေတယ်။ အဲမှာ ၂ ဦးကမြို့ထဲ ဆေးရုံကွက်သစ်က အသက် ၇၁ နှစ်အရွယ် အမျိုးသမီးတယောက်ပါတယ်။ နောက် ၁၇ နှစ်အရွယ် လူငယ်လေးတယောက်ပါတယ်။ အဲတာက ၁ ရက်နေ့ဖြစ်တဲ့နေ့မှာပဲ ပွဲချင်းပြီးဆုံးသွားတာ။ ဒီနေ့မှာလည်း ဒဏ်ရာရထားတဲ့သူတွေထဲက အမျိုးသမီးငယ် တယောက် ဆုံးတာရှိတယ်။”
အဲဒီခရိုင်ကျေးရွာဟာ တောင်ကုတ်မြို့ပေါ်နဲ့ ၁၇ မိုင်လောက်အကွာမှာတည်ရှိပြီး လေကြောင်း တိုက်ခိုက်မှုကြောင့်ဒဏ်ရာရှိသူအများစုဟာလည်း တောင်ကုတ်မြို့နယ်ထဲက ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်ပါတယ်။ လက်ရှိမှာတော့ဒဏ်ရာရှိသူတွေဟာ ရခိုင်မှာ ဆေးဝါးပြတ်လပ် နေတာကြောင့် ဆေးကုသဖို့ ခက်ခဲနေကြတယ်လို့လည်း သူကဆက်ပြောပါတယ်။
“ဒဏ်ရာရတဲ့လူတွေများပြီးတော့ ဆေးဝါးကုသဖို့အတွက် ဆေးဝါး အလုံအလောက်မရှိဘူး။ အလုံအလောက်ဆိုတာထက် ဆေးဝါးမရှိတာ၊ မြို့ပေါ်ဆေးရုံဆေးခန်းတွေမှာလည်း ပြတ်နေတယ် နောက် ကျေးလက်ဒေသတွေမှာလည်းပြတ်နေတယ်၊ ဆိုတော့ဒဏ်ရာရထားတဲ့လူနာ တော်တော်များများ ဆေးကုခွင့်မရပဲ ဒီအတိုင်းဖြစ်နေကြတယ်။ အဲဒီမှာအသက် မပြည့်သေးတဲ့ ကလေးမလေး တယောက်ဆုံးတယ် ဒီကနေ့။”
အာရက္ခတပ်တော် AAအနေနဲ့ တောင်ကုတ်မြို့ နယ်က စစ်ကောင်စီတပ်စခန်းတော်တော်များများကို သိမ်းထားနိုင်ပြီးမြို့ပေါ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ တောင်ကုတ် မြို့နယ်အတွင်းက လက်ကျန်တပ်တွေဖြစ်တဲ့ စကခ (၅) နဲ့ ခမရ ၅၄၄၊ ခမရ ၃၄၆ တို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ အဲဒီထဲက ခမရ ၅၄၄၊ခမရ ၃၄၆ တို့ကို ဒီရက်ပိုင်းအတွင်း သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူက ပြောပါတယ်။
“တိုက်ပွဲကတော့ မခရ ၅၄၄ နဲ့ ခမရ ၃၄၆ ကို ကျနော်တို့အာရက္ခတပ်တော်ဘက်က သိမ်းလိုက်ပြီ။ တပ်တွင်းမှာလည်းမိုင်းတွေဘာတွေ ရှင်းလင်းထားပြီလို့ကြားတယ်။ နောက်တခုက စကခ (၅) ကျန်သေးတယ်ပေါ့။ ဒီကြားထဲမှာတော့ အဲဒီတပ်ဧရိယာ အနီးပတ်ဝန်းကျင်ကိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာတော့ရှိတယ်။”
AA ဘက်ကတော့ တောင်ကုတ်တိုက်ပွဲနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်း သတင်းတစုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။လက်ရှိမှာတော့ ရခိုင်တောင်ပိုင်းက ဂွမြို့နယ်အတွင်းမှာလည်း နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲတွေဟာ ဂွမြို့ပေါ်အထိ ရောက်ရှိလာနေတာပါ။ စစ်ကောင်စီဘက်ကတော့ ဂွမြို့နယ်အတွင်း ဧရာဝတီဘက်ကနေ စစ်အင်အားဖြည့်တင်းတာတွေနဲ့ လေကြောင်း ရေကြောင်းတွေကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
Your browser doesn’t support HTML5