သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် အလယ်ပိုင်း တိုက်ပွဲ ပြင်းထန် 


စစ်ကောင်စီတပ်စခန်းတချို့ကိုသိမ်းပိုက်ရရှိထားကြောင်း AA ထုတ်ပြန်သည့် မှတ်တမ်းဓာတ်ပုံ (နိုဝင်ဘာ ၁၃၊ ၂၀၂၄)
စစ်ကောင်စီတပ်စခန်းတချို့ကိုသိမ်းပိုက်ရရှိထားကြောင်း AA ထုတ်ပြန်သည့် မှတ်တမ်းဓာတ်ပုံ (နိုဝင်ဘာ ၁၃၊ ၂၀၂၄)

ရခိုင်ပြည်နယ် တောင်ကုတ်၊ ဂွ၊ အမ်းနဲ့ မောင်တော မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ အမ်းမြို့နယ်တွင်းက စစ်ကောင်စီ တပ်စခန်းတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကရော ရေကြောင်းကပါ ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက် သေဆုံးမှုတွေ ရှိနေတယ်လို့ AA ပြောခွင့်ရက ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းအပြည့်စုံကို တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် အလယ်ပိုင်း အမ်းမြို့နယ်အတွင်းက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ လက်ကျန် တပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဘက် တိုက်ပွဲတွေ ဆက်လက်ပြင်း ထန်နေတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“အမ်း၊ တောင်ကုတ် နဲ့ ဂွမြို့နယ်တွေ ဘက်မှာတော့ တိုက်ပွဲတွေ ဆက်လက် ပြီးတော့ ပြင်းထန်နေတာ ရှိပါတယ်။ အမ်းမြို့ စစ်မျက်မှာတော့ အမ်းမြို့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်စခန်း အများစုကို အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ နပခ ဌာနချုပ်နဲ့ ကျန်တဲ့ စစ်ခန်းတချို့ ကိုလည်း အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ဖို့ ကျနော်တို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ရှိပါတယ်။”

ဒါ့အပြင် ဂွနဲ့ တောင်ကုတ် မြို့နယ်တွေ မှာလည်း နှစ်ဘက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ သူကပြောပါတယ်။

“ဂွမြို့နယ်ထဲမှာတော့ ဂွမြို့အနီးတဝိုက်က ကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်းတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြီးတော့ ဖြစ်ပွား နေတာရှိပါတယ်။ တောက်ကုတ်မြို့နယ်ထဲမှာတော့ တောင်ကုတ်မြို့ကို ကျနော်တို့ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ပြီးသား ဖြစ်ပါတယ်။ ကျန်တဲ့ စကခ ၅ ဌာနချုပ်နဲ့တပ်ရင်း၂ ခုကိုတော့ အလုံးစုံထိန်းချုပ် နိုင်ဖို့ ဆက်လက်ပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ”

တောင်ကုတ်မြို့ပေါ်ကို အာရက္ခတပ်တော် AA က အလုံးစုံ သိမ်းပိုက်ထားပြီးတဲ့နောက် စစ်ကောင်စီရဲ့ လက်ကျန် တပ်စခန်းတွေ ဖြစ်တဲ့ စကခ (၅) နဲ့ လက်အောက်ခံတပ်တွေ ဖြစ်တဲ့ ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ တပ်တွေကိုတော့ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

တောင်ကုတ်မြို့အတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မရှိတော့ပေမဲ့ စစ်ကောင်စီဘက်က လေကြောင်းကနေ နေ့စဥ် တိုက်ခိုက်နေတာကြောင့် မြို့တွင်းမှာရှိနေတဲ့ ပြည်သူတွေ အသက်အန္တရာယ် စိုးရိမ်နေကြရပြီး ဘေးလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းတာတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အခုလိုအချိန်မှာ တောင်ကုတ်မြို့အတွင်းက နေအိမ်တွေကို ဖောက်ထွင်း ခိုးယူသူတွေကလည်း ရှိနေတာကြောင့် ဒီလို လုပ်သူတွေကို AA က လိုက်လံ ဖမ်းဆီးနေတာမှာ ခိုးရာပါ ပစ္စည်းတွေနဲ့အတူ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးထားပြီး ပစ္စည်းတွေကို သိမ်းဆည်းထားတယ်လို့ AA အဖွဲ့က ပြောပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေနဲ့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းကရော ရေကြောင်းကပါ တောက်လျှောက် ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက် သေဆုံးတာတွေ နေ့စဥ်ဆိုသလို ရှိနေတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“အကြမ်းဖက် စစ်ကောင်စီ ကတော့ လေကြောင်း ရေကြောင်းတွေကနေ အပြစ်မဲ့ အရပ်သား ပြည်သူတွေ ရှိတဲ့ နေရာတွေကို ဗုံးကြဲ တိုက်ခိုက်တာတွေ၊ လေတပ်ကနေ လက်နက်ကြီးနဲ့ လှမ်းပြီးတော့ ပစ်ခတ်တာတွေ တောက်လျှောက် လုပ်နေပါတယ်။ ဒီလိုမျိုး အရပ်သားပြည်သူတွေကို အကြမ်းဖက် စစ်ကောင်စီက ဦးတည်ပြီးတော့ တိုက်ခိုက်နေတဲ့အတွက် အရပ်သား ပြည်သူတွေ သေဆုံးဒဏ်ရာရ တာတွေက နေ့တိုင်းနီးပါး ရှိနေပါတယ်။”

ရခိုင်ပြည်နယ်မှာ တကြော့ပြန် တိုက်ပွဲတွေဖြစ်နေတဲ့ တနှစ်ကျော် ကာလအတွင်း ပြည်နယ်တွင်းက မြို့နယ် ၁၀ ခုနဲ့ ချင်းပြည်နယ်အတွင်းက ပလက်ဝ မြို့နယ်တွေကို AA အဖွဲ့က သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ ကျန်နေသေးတဲ့ မြို့နယ် ၇ မြို့နယ်ကိုပါ သိမ်းပိုက်နိုင်ဖို့ AA က ဆက်လက် တိုက်ခိုက်နေတာ ဖြစ်ပြီး ဒီအထဲမှာ အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တော ၄ မြို့နယ်မှာလည်း အပြည့်အဝ မဟုတ်ပေမဲ့ ၉ဝ ရာခိုင်နှုန်းလောက် သိမ်းပိုက်ထားနိုင်ပြီး ဖြစ်တယ်လို့ AA က ပြောပါတယ်။ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေကိုတော့ ထိုးစစ်ဆင် မတိုက်ခိုက်သေးပေမဲ့ AA က ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG