စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု မောင်တောမှာ အနည်းဆုံး ရွာသား ၅ ဦး သေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းက ဖားဝပ်ချောင်းကျေးရွာကို ဒီကနေ့ မနက်ပိုင်း ၂နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အရပ်သား ၅ဦးထက်မနည်း သေဆုံးပြီး ရွာသားတော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို အတည်ပြုပါတယ်။ အမ်းဘက်မှာလည်း မြို့အနီးအနားအထိ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AAတို့ ကြား ဒီကနေ့တိုက်ပွဲပြင်းထန်နေတဲ့အတွက် အမ်းဒေသခံတွေ ဘေးလွတ်အောင် ပြေးနေကြရပါတယ်။ ရခိုင်စစ်ရေးပဋိပက္ခနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာကို ဒီကနေ့ မနက်ပိုင်း ၂နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အရပ်သား ၅ဦးထက်မနည်း သေဆုံးပြီး တော်တော်များများ ဒဏ်ရာအပြင်းအထန်ရ သွားကြတယ်လို့ ရခိုင်ဒေသခံတွေက ဗွီအိုအေကို အတည်ပြုပါတယ်။

ဗုံးကြဲခံရတဲ့ ဖားဝပ်ချောင်းကျေးရွာဟာ မောင်တောမြို့နယ် မြောက်ပိုင်းမှာတည်ရှိတာဖြစ်ပြီး မောင်တောမြို့ပေါ်နဲ့ ၁ဝမိုင်ခန့်အကွာမှာတည်ရှိတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာ တစုံတရာဘဲ စစ်ကောင်စီက အခုလို လေကြောင်းက ဗုံးကြဲချသွားတာဖြစ်တယ်လို့ ရခိုင်ဒေသခံတွေကပြောပါတယ်။

ဒီလအတွင်းမှာပဲ ရခိုင်ပြည်နယ်အတွင်းက ကျောက်တော် တောင်ကုတ် သံတွဲ ဂွ နဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီလေကြောင်းတိုက်မှုကြောင့် အရပ်သား ၄ဝနီးပါးသေဆုံးပြီးတော့ ၇ဝနီးပါးဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တိုက်ပွဲအတွင်းမှာ တပ်စခန်းတွေတော်တော်များများနဲ့ မြို့နယ် ၁ဝခုလောက်ကို လက်လွတ်ဆုံးရှုံးခံထားရတဲ့ စစ်ကောင်စီအနေနဲ့ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာ ရပ်ကွက် အဆောက်အုံတွေကို ဦးတည်ပြီးတော့ လေကြောင်းကနေ မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

လက်ရှိရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီး အာရက္ခတပ်တော်AAဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာမျိုး မတွေ့ရပါဘူး။

Your browser doesn’t support HTML5

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု မောင်တောမှာ အနည်းဆုံး ရွာသား ၅ ဦး သေဆုံး