ရခိုင်စစ်ကျန်လက်နက်ပေါက်ကွဲမှုများ ဖြစ်နေ

မိုင်းထိခဲ့လို့ ခြေထောက် ဆုံးရှုံးခဲ့သူတဦး။ (ဇန်နဝါရီ ၂၄၊ ၂၀၁၃)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်မှာ မကြာသေးခင်လတွေကစလို့ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းသွားပေမဲ့ တိုက်ပွဲတွေကြား ကျန်နေတဲ့ လက်နက်ကျည်တွေ ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရတဲ့ အဖြစ်တွေ ကြုံနေရတဲ့အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ရခိုင်မြောက်ပိုင်းမှာ မိုင်းနဲ့ စစ်ကျန်လက်နက်ကျည်တွေ ပေါက်ကွဲမှုတွေကြောင့် မကြာခဏဆိုသလို ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ကြုံနေရပါတယ်။

မနေ့ကလည်း မင်းပြားမြို့နယ် စပါထားကျေးရွာမှာ စစ်ကျန်လက်နက်ကျည် တစ်ခုပေါက် ကွဲပြီးတော့ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးနှစ်ကလေး တစ်ဦးအပါအဝင်၊ ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ စပါးထား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင် က ပြောပါတယ်။

“နေ့ခင်းတစ်နာရီကျော် လောက်မှာ ကလေးတစ်ယောက်က အဲဒီလို ဗုံးသီးလား၊ ကျည်ဆံလား မသိဘူး။ အဲဒါကို ကိုင်လာပြီး မြေမှာ ချလိုက်လို့ ကွဲသွားတယ်လေ။ အမျိုးသမီး ၄၅ နှစ် တစ်ယောက်ဆုံးသွားတယ်။ နောက်အမျိုးသမီး ၄၀ တစ်ယောက် အပြင်းအထန် ဒဏ်ရာရတယ်။ စုစုပေါင်း ၉ ယောက် ဒဏ်ရာရတယ်။”

SEE ALSO: AA ကို အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ပေးဖို့ ရခိုင်လွှတ်တော်ဆုံးဖြတ်

လက်ရှိမှာ ဒဏ်ရာရရှိထားသူ ၉ ဦးထဲက ဒဏ်ရာပြင်းထန်သူ သုံးဦးကို မြောက်ဦးဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်တဲ့ ၆ ဦးကိုတော မြောင်းဘွေ တိုက်နယ်ဆေးရုံမှာ ဆေးကုသမှူခံယူ နေပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ ကလေးတွေလည်း ပါတယ်လို့ ဦးမျိုးဇော်အောင် ကပြောပါတယ်။

“ကလေးက ၁၆ နှစ် နှစ်ယောက်၊ ၇ နှစ်တစ်ယောက် ၃ နှစ်တစ်ယောက်ပါပါတယ်။ မိန်းကလေးနှစ်ယောက်၊ ယောကျာ်းလေး နှစ် ယောက်ပေါ့။”

မနေ့က စစ်လက်ကျန်လက်နက်ကျည်ပေါက်ပွဲပြီး သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ခင်ပွန်းဟာလည်း ပြီးခဲ့တဲ့နှစ်က ကျေးရွာအတွင်း လက်နက်ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တာပါ။

နိုဝင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ဒေသတွေမှာ ပြန်လည်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ AA အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံခဲ့ပြီးနောက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းနေတာ ၂ လလောက် ရှိနေပေမဲ့ စစ်လက်ကျန် လက်နက်ကျည်တွေရဲ့ အန္တရာယ် အပါအဝင် လုံခြုံရေးစိုးရိမ်မှုကြောင့် ဒုက္ခသည်တွေ အများအပြား နေရပ်မပြန်ရဲသေးဘဲ ဖြစ်နေပါတယ်။

အခုလို တိုက်ပွဲတွေ ရပ်ဆိုင်းထားတဲ့ အချိန်မှာ စစ်ကျန်လက်နက်ခဲယမ်းတွေနဲ့ မြေမြှုပ်မိုင်း တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရှင်းပေးသင့်တယ်လို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ပြောခွင့်ရ ကိုဇော်ဇော်ထွန်းကပြောပါတယ်။

“နှစ်ဘက်ဆွေးနွေးမှုတွေ ရှိနေတဲ့အခါမှာ ဆွေးနွေးမှုတွေထဲမှာ ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး တော့ နှစ်ဘက် လက်နက်ကိုင်တွေအနေနဲ့ ထည့်သွင်းဆွေးနွေးဖို့ လိုအပ်မယ်။ နောက်ပြီးတော့ ဒီကိစ္စတွေကို ထဲထဲဝင်ဝင်လုပ်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်အမှာ တခြားသော တိုင်းရင်းသား ဒေသတွေမှာလို စစ်လက်ကျန် မိုင်းတွေကို ရှင်းလင်းဖို့အတွက် အဖွဲ့တွေလိုအပ်ပါမယ်ဗျာ။ အဲဒီထဲမှာ အစိုးရပါမယ် နိုင်ငံတကာ အဖွဲ့တွေပါမယ် ဒေသခံအဖွဲ့ပါမယ်။ အဲဒီလိုလုပ်နိုင်မှ ဒီဒေသက ချော့မွေ့သွားမှာ ဖြစ်ပါတယ်။”

မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား ၂ နှစ်တာ စစ်ရေးတင်းမာမှု ကာလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်ဗုံးတွေ ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးတာ ၃၃ ဦးထက်မနည်း ရှိခဲ့ကြောင်းလည်း ဒေသခံ လူထုအခြေပြုအဖွဲ့ တခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က မှတ်တမ်းတင်ထားပါတယ်။

Your browser doesn’t support HTML5

ရခိုင်စစ်ကျန်လက်နက်ပေါက်ကွဲမှုများ ဖြစ်နေ

[Unicode Version]








SEE ALSO: ရခိုင်မှာ ရွေးကောက်ပွဲလုပ်ရေး တပ်မတော်တောင်းဆိုချက် သမ္မတရုံးပယ်ချ




