နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေသစ်ကို စစ်ကောင်စီက ပြဌာန်းလိုက်ပြီးတဲ့နောက် ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စနဲ့ ပတ်သက်လို့ ပါတီတွင်း သဘောထားကွဲလွဲတာတွေ ရှိနေတာကြောင့် ဆုံးဖြတ်ချက် မချရသေးဘူးလို့ ရခိုင်အခြေစိုက် အင်အားကြီး ပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ လက်ရှိရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်မယ့် နိုင်ငံရေးပါတီတွေဟာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ ဖြစ်တယ်လို့လည်း ပါတီတွေအကြား ဝေဖန်မှုတွေရှိနေတာပါ။ ရန်ကုန်က သတင်းပေးပို့တာကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေး ပါတီမှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေသစ်ဟာ နိုင်ငံရေးပါတီတွေကို အကြပ်ရိုက်စေတဲ့ ဥပဒေသစ် တစ်ခုဖြစ်သလို ပါတီတွေကြား မှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်ရခက်နေကြတာလည်းဖြစ် ပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဒေါ်အေးနုစိန်ကိုယ်တိုင် စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတာ ရှိပေမယ့် လက်ရှိအချိန်ထိ ပါတီမှတ်ပုံတင်ရေးနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် မချနိုင်သေးဘူးလို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ရခိုင်အမျိုးသားပါတီအနေနဲ့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုတဲ့ ပါတီအတွင်းကသတင်းတွေ အပြင်ကို ပေါက်ကြားလာပေမယ့် ပါတီ တာဝန်ရှိသူတွေကတော့ လာမယ့် စနေ မတ်လ ၁၈ နေ့မှ ဆုံးဖြတ်ချက် ချနိုင်မယ်လို့ပြောဆိုပါတယ်။
လက်ရှိအချိန်မှာလည်း ပါတီမှတ်ပုံတင်ရေး ဥပဒေသစ်နဲ့ ပတ်သတ်ပြီး ပါတီတွင်းသဘောထားကွဲလွဲမှုတွေရှိနေသလို နှုတ်ထွက်သူတွေလည်း ရှိနေတယ်လို့ ရခိုင်အမျိုးသားပါတီပြောခွင့်ရ ဦးခိုင်ပြည်စိုးက ပြောပါတယ်။
“သဘောထားကွဲလွဲတာလို့တော့ ပြောလို့မရဘူး။ ဒါပေမယ့် တချို့က ဒီဥပဒေကို မကြိုက်ဘူး၊ မပါတော့ဘူး ဆိုတာတွေလည်းရှိတယ်။ အဲဒါတွေကို ကျနော်တို့ အကုန်လုံး ပြန်ပြီး ဆွေးနွေး နေရတာပေါ့။ ဆိုလိုတာက ဒီဥပဒေက ကြိုက်စရာလည်းမရှိဘူး။ ဒါပေမယ့်နိုင်ငံရေး ပါတီတခု ရခိုင်မှာဆိုတဲ့အခါ ကျနော်တို့မှာလည်း အမျိုးမျိုးအဖုံဖုံ စဉ်းစားနေရတယ်။ ပါတီရုံးကိစ္စတွေ ကိုယ်ပိုင်ရုံးဆိုတဲ့အခါ အဲတာတွေကိုလည်း စဉ်းစားပြီးတော့ ကျနော်တို့ အကုန်လုံး ဒီဟာတွေကို ဆုံးရှုံးခံမယ်ဆိုရင်လည်း အဆုံးရှုံးမခံချင်ဘူးဆိုလို့ရှိရင်လည်း တမျိုးတဖုံလုပ်ကြ ဆိုပြီးတော့ အကုန်လုံး စဉ်းစားနေကြတာတော့ ရှိပါတယ်။”
ရခိုင်အခြေစိုက်ပါတီနောက်တစ်ခုဖြစ်တဲ့ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစာပိုင်းကတည်းက ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ထားပြီး ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် နောက်ပါတီတခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီကတော့ စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတခု မဖြစ်နိုင်သလို သူတို့အနေနဲ့ နိုင်ငံတွင်းမှာ တစ်ပါတီအာဏာရှင်စနစ်ကို လက်မခံနိုင်တာကြောင့် အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံမတင်ဖို့ဆုံးဖြတ်ထားတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီမှတ်ပုံတင်ထားတဲ့သူတွေဟာလည်း အာဏာသိမ်းစစ်ကောင်စီနဲ့ အပေါင်းအပါတွေ ဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပြောခွင့်ရ ဦးမျိုးကျော်က ပြောပါတယ်။
“အခုဟာက အာဏာသိမ်းအစိုးရဟာ နိုင်ငံတကာ ဥပဒေအရဆိုရင် စစ်ရာဇဝတ်ကောင်တွေ ဖြစ်နေပြီလေ။ နေ့စ္စဓူဝ သတ်ဖြတ်နေတယ်။ မီးရှို့နေတယ်၊ မုဒိန်းကျင့်နေတယ်၊ အမျိုးမျိုးသောနည်းနဲ့ ပြည်သူတွေကို အနိုင်ကျင့် ရမ်းကားနေတဲ့ အစိုးရဖြစ်နေပြီလေ။ ဆိုတော့ ဒီလူတွေနဲ့ တခါထပ်ပြီးတော့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေဟာ သွားပြီးတော့ သူတို့ရဲ့ ခွင့်ပြုချက်ဘောင်ထဲကို ဝင်လိုက်မယ်ဆိုတာနဲ့ သူတို့နဲ့ အပေါင်းအပါဖြစ်သွားတယ်။ ကျနော်ကတော့ အဲလိုပြောချင်ပါတယ်။”
စစ်ကောင်စီက ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအရေအတွက်ဟာ အခုအချိန်ထိ ၂၆ ပါတီရှိနေပြီး အဲဒီအထဲက ၆ ပါတီက တနိုင်ငံလုံးအတိုင်းအတာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ကျန် ပါတီ ၂၀ ကတော့ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၁ ရက်နေ့မှာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရေးဥပဒေသစ်ကို ပြဌာန်းလိုက်ပြီး ရက်ပေါင်း ၆၀ အတွင်း ပါတီတွေ မှတ်ပုံတင်ဖို့ ကြေညာထားပါတယ်။ မှတ်ပုံတင်ရေး ဥပဒေသစ်ဟာလာမယ့် မတ်လ ၂၆ ရက်နေ့မှာ သက်တမ်း ပြည့်မှာဖြစ်ပေမယ့် ကြားထဲမှာ ရုံးပိတ်ရက်ခံနေတဲ့အတွက် မတ်လ ၂၈ရက်နေ့အထိ ထပ်မံ သတ်တမ်းတိုးထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ကျနော်တို့ ရက်ပေါင်း ၆၀ အတွင်းဖြစ်တဲ့ မတ် လ ၂၆ ရက်နေ့မှာ သက်တမ်းပြည့်မှာ ဖြစ်တယ်။ သို့သော် ကျနော်တို့က မတ်လ ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်ဟာ ရုံးပိတ်ရက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ၂၈ ရက်နေ့မှာ နောက်ဆုံးထားပြီးတော့ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်ခင်မျာ။”
လက်ရှိ အသစ်ပြဌာန်းထားတဲ့ ပါတီမှတ်ပုံတင်ရေး ဥပဒေဟာ တရားဝင် ဥပဒေတစ်ခုမဟုတ်သလို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှာ သွားရောက်ပြီးတော့ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေဟာလည်း စစ်အုပ်စုရဲ့ ဖြစ်တည်မှုကို လက်ခံပြီးတော့ စစ်အုပ်စုနဲ့အတူ ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေမှုကို အားပေးအားမြှောက်တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့လည်း ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
{Unicode}