စစ်ကောင်စီအကြီးအကဲ သမ္မတတာဝန် လွှဲပြောင်းယူတဲ့အပေါ် အကဲခတ်တွေအမြင်

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဇူလိုင် ၃၊ ၂၀၂၄)

ကျန်းမာရေး အခြေအနေ ဆိုးရွားလာနေတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ တာဝန်တွေကို စစ်ကောင်စီ အကြီးအကဲက လွှဲပြောင်းယူလိုက်တဲ့ သတင်းကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ စစ်ကောင်စီကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာလို့ ဆိုပေမဲ့ အကဲခတ်တွေကတော့ အာဏာကို ပိုမိုချုပ်ကိုင်ဖို့ ရည်ရွယ်တယ်လို့ ယူဆနေကြတာပါ။ စစ်ကောင်စီအကြီးအကဲ အာဏာလွှဲပြောင်းယူတဲ့အပေါ် သုံးသပ်သူတွေ အမြင်နဲ့ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ကျန်းမာရေး ယိုယွင်းလာတာကြောင့် ဆေးခွင့်ယူထားကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီ အကြီးအကဲက အာဏာလွှဲပြောင်း ယူလိုက်ကြောင်း ကြေညာလိုက်တာပါ။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကိစ္စတွေကို ယာယီသမ္မတက ဆောင်ရွက်နိုင်ခြင်းမရှိတာကြောင့် လွှဲပြောင်းယူရတာလို့လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က သတင်းမီဒီယာတွေကို ပြောလိုက်ပါတယ်။

"ဒီကိစ္စနဲ့ပတ်သတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဦးစွာအသိပေးပြောကြားလိုပါတယ်။ မနေ့ကထုတ်ပြန်ချက်ထဲမှာလည်းပါပြီးဖြစ်ပါတယ်။"

စစ်ကောင်စီက လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်တာလို့ ဆိုပေမဲ့ အကဲခတ်တွေကတော့ လက်မခံကြပါဘူး။ ဥပဒေကျွမ်းကျင်ပညာရှင်တဦးဖြစ်တဲ့ရှေ့နေ ဦးကြီးမြင့် ကတော့ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီတဲ့ အချက်တွေ ရှိတယ်လို့ သုံးသပ်ပါတယ်။

"သမ္မတကြီးဦးဝင်းမြင့်နေရာကို ဦးမြင့်ဆွေကတက်ပြီးတော့ ယာယီသမ္မတတက်လုပ်တယ်။ လွှဲမှတက် လုပ်လို့ရမှာလေ။ အာဏာရပိုင်ခွင့်မရှိတဲ့ အာဏာမရှိတဲ့ ယာယီသမ္မတဆိုတဲ့သူက ကာကွယ်ရေးဦးစီးချုပ်ကို အရေးပေါ်ကာလလွှဲတယ်ဆိုတာက တရားမဝင်တော့ဘူး။ အဲဒီကနေစ တရားမဝင်တာ ခုထိဘဲ။ နောက် တရားမဝင်တဲ့ ယာယီသမ္မတက ဝန်ထမ်းတယောက်ကိုအာဏာလွှဲမရဘူး။ တန်းတူ လယ်ဗယ် တူချင်းဘဲလွှဲရတယ်။ ဒါဌာနဆိုင်ရာစည်းကမ်းနော် နိမ့်တဲ့သူလွှဲမရဘူး ခုဥစ္စာကလည်း သူအောက်ကနိမ့်တဲ့ ကာချုပ်ကိုသမ္မတရာထူးလွှဲတယ်ဆိုတာက ၂၀၀၈ကလည်းပြဌာန်းမထားဘူး။ သူ့မှာပေးခွင့်လည်း မရှိဘူး ယူပိုင်ခွင့်လည်းမရှိဘူး။ ဒါကနိုင်ငံရေးအရလုပ်တယ်။ အာဏာသိမ်းတဲ့သဘောဘဲ ၂၀၀၈ဖွဲ့စည်း ပုံကိုယာယီရပ်ထားတဲ့သဘောဆောင်တာပေါ့"

ဦးမြင့်ဆွေဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး ခြေလက်တုန်ပြီး အစားအသောက်ပျက်တဲ့ အတွက် ဆေးစစ်ရာမှာ အာရုံကြော နှေးကွေးတုံ့ဆိုင်းတဲ့ ရောဂါနဲ့ အာရုံကြောအားနည်းတဲ့ ရောဂါတွေ ခံစားနေရတာကို တွေ့ရကြောင်းနဲ့ ဒီနှစ် ဧပြီ ၁၅ ကနေ ၁၉ ရက်နေ့ အထိ စင်္ကာပူနိုင်ငံ Mount Elizabeth ဆေးရုံနဲ့ မေလ ၂၇ ရက်နေ့မှ ဇွန် ၁၈ ရက်နေ့အထိ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ကုတင် ၁၀၀၀ မှာ ဦးနှောက်နဲ့အာရုံကြော ဆိုင်ရာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဦးမြင့်ဆွေဟာ အခုချိန်အထိ ကျန်းမာရေးအခြေနေ ကောင်းမွန်မှု မရှိသေးပဲ နေ့စဉ်လှုပ်ရှားဆောင် ရွက်မှုတွေ မလုပ်နိုင်တဲ့ အတွက် ဆေးကုသမှုခံယူနေရဆဲလို့လည်း ပြောပါတယ်။

လက်ရှိအပြောင်းအလဲနဲ့ပတ်သတ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကတော့ စစ်ကောင်စီ အကြီးအကဲရဲ့ အာဏာကို ချုပ်ကိုင်ဖို့ ကြိုးပမ်းမှုအဖြစ် ယူဆပါတယ်။

"သူ့အနေနဲ့ ဒီထပ်ပိုပြီးတော့လည်း အာဏာအထူးရစရာမလိုဘူးလေအာဏာအကုန်လုံးက တရားဝင်တယ်ဖြစ်စေ မဝင်သည်ဖြစ်စေ အာဏာအားလုံးကတော့စစ်တပ်ကာကွယ်ရေးဦးစီးချုပ်လက်ထဲမှာဘဲ။ ဒါကသူ့နည်းသူ့ဟန်နဲ့လုပ်တဲ့သဘောပါဘဲ။ သူတို့ဘက်ကကြည့်ရင်ဒါလုပ်ရမယ့်ကိစ္စပေါ့။ ဖွဲ့စည်းပုံအရ ဆိုပါတော့ နည်းလမ်းနဲ့လည်းမကိုက်ဥပဒေနဲ့လည်းမကိုက် နဂိုထဲကမှနည်းလမ်းမကျတဲ့ဖွဲ့စည်းပုံက ခုက နည်းအမျိုးမျိုးနဲ့လုပ်ချင်သလိုလုပ်တဲ့သဘောရောက်သွားတာပေါ့ "

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးပြီး အဲဒီအချိန်က ဒုသမ္မတတာဝန် ယူထားတဲ့ ဦးမြင့်ဆွေက ယာယီ သမ္မတအဖြစ်နဲ့ စစ်ကောင်စီက နိုင်ငံတော်ကို အရေးပေါ်အခြေနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဦးမြင့်ဆွေကို ၆ လတကြိမ် ကျင်းပတဲ့ ကာ/လုံအစည်းဝေးက လွဲလို့ လူမြင်ကွင်းမှာ မတွေ့ရသလို အုပ်ချုပ်ရေး ကိစ္စတွေမှာ ပါဝင်တာလည်း မတွေ့ရပါဘူး။

Your browser doesn’t support HTML5

စစ်ကောင်စီအကြီးအကဲ သမ္မတတာဝန် လွှဲပြောင်းယူတဲ့အပေါ် အကဲခတ်တွေအမြင်