ရိုက်တာသတင်းထောက်အမှု ရဲမှတ်တမ်းရယူမှုထွက်ချက်များ ကွဲလွဲနေ

ရိုက်တာသတင်းထောက်နှစ်ဦးနဲ့အတူ သိမ်းဆည်းရမိတဲ့ ရဲတပ်ဖွဲ့ရဲ့ လျှို့ဝှက်မှတ်တမ်းတွေ ဘယ်လိုရလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့တရားရုံးထွက်ချက်တွေမှာ ရှုပ်ထွေးစရာတွေနဲ့ ကွဲလွဲချက်တွေဖြစ်လာပါတယ်။ ဒီမှတ်တမ်းတွေကို ဒု တပ်ကြပ်နိုင်လင်းက သတင်းထောက်တွေကို ချိန်းဆိုပြီး ပေးခဲ့တာဖြစ်တာကြောင့် ဒါဟာ ထောင်ဖမ်းမှုဖြစ်တယ် ဆိုပြီး ပြောနေကြပေမယ့်၊ ဒီနေ့ တရားခွင်မှာတော့ ဒုတပ်ကြပ်နိုင်လင်းက သူပေးတာမဟုတ်ဘူးဆိုပြီး ငြင်းဆိုလိုက်တာပါ။ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ တရားခွင် ဒီနေ့ ကြားနာမှုတွေနဲ့ပတ်သက်လို့ သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာည ၁၂ရက်နေ့မှာ ရိုက်တာသတင်းသမားတွေကသူတို့ကို ပုဒ်မတပ် အရေးယူထားတဲ့ နိုင်ငံတော် လျို့ဝှက် စာရွက် စာတမ်းတွေကို ပေးခဲ့သူ တဦးဖြစ်တယ်လို့ ဆိုထားတဲ့ ဒုတပ်ကြပ် နိုင်လင်းကို ဒီကနေ့ ရုံးချိန်းမှာ စစ်မေးခဲ့ တာဖြစ်ပါ တယ်။ ရိုက်တာသတင်းသမားတွေ က နိုင်ငံတော် လျို့ဝှက် စာရွက် စာတမ်းတွေကို ပေးခဲ့သူ တဦးဖြစ်တယ်လို့ စွပ်စွဲထား ချက် အပေါ် ဒုတပ်ကြပ် နိုင်လင်းက ငြင်းဆိုခဲ့သလို ရိုက်တာသတင်းသမားတွေနဲ့ တွေ့ဆုံမှူကြောင့် ထောင် ၁နှစ် ပြစ်ဒဏ် ကျခံရသူ ဒုရဲမှူးဟောင်း မိုးရန်နိုင်က ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ ထွက်ဆိုခဲ့တဲ့ ဖမ်းဆီခံထားရတဲ့ Reuters သတင်းထောက် ၂ ဦးဟာ အထက်အမိန့်အရ ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ရကြောင်းနဲ့ ဒီလိုဖမ်းဆီးနိုင်ဖို့ ဒုတပ်ကြပ် နိုင်လင်း ကို ရဲမှူးချုပ်တင်ကိုကိုက ခိုင်းတာဖြစ်ကြောင်းထွက်ဆိုချက်အပေါ်မှာလည်း ငြင်းဆိုသွားခဲ့ပါတယ်။

ရိုက်တာသတင်းထောက်ကို ဝလုံးကတော့ ဒုတပ်ကြပ် နိုင်လင်းထွက်ဆိုချက်တွေက အမှန်တရားနဲ့ လွဲချော်နေတာ ကြောင့် စိတ်ပျက်မိကြောင်း၊ တရားမျှတမှူကို အမြန်ဆုံးပေးဖို့ အစိုးရကိုတောင်းဆိုလိုက်ပါတယ်။

" ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တရားမျှတမှူလိုချင်ပါတယ်။ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးနိုင်ဖို့မျှော်လင့်ပါတယ်။ အခုအချိန်အထိ အမှန်တရားဘယ်လိုရလာမလဲဆိုတာကို စောင့်စားနေရတာ ထောင်ထဲမှာလဲ နှစ်တဝက်လောက်ရှိနေပါပြီ။ ကျနော်တို့က သတင်းသမားအလုပ် သတင်းသမားလုပ်ခဲ့တဲ့ အနေအထားမှာ သူတို့က အကွက်ဆင်ထောင်ဖမ်းတယ်ဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်းမြင်နိုင် ပါတယ်။ နိုင်ငံတော်အဆင့် ကျနော်တို့အပေါ် လုပ်ကြံလိမ်ညာနေတယ်လို့ဘဲ ကျနော်တို့မြင်ပါတယ်။"

ဒီကနေ့တရားရုံးစစ်မေးချက်မှာ ဒုတပ်ကြပ် နိုင်လင်းဖြေကြားချက်တွေနဲ့ ရိုက်တာသတင်းသမားတွေ ဖြေကြားချက်တွေကြားမှာ ရှူပ်ထွေးစွာ ကွဲလွဲနေတဲ့အချက်တွေရှိခဲ့ပြီး ဒါတွေကတော့ ဒုတပ်ကြပ်နိုင်လင်းက အခင်းဖြစ် ဒီဇင်ဘာ ၁၂ရက်နေ့မှာ ဒုတပ်ကြပ်နိုင်လင်းဘက်က ရိုက်တာသတင်း သမားတွေကို စတင် ဖုန်းဆက်ကာ ခေါ်ခဲ့တယ်လို့ ရိုက်တာသတင်းသမားတွေဘက်က ထွက်ဆိုထားကိုလည်း ဒုတပ်ကြပ်နိုင်လင်းကငြင်းဆန် လိုက်ပြီး သူ့အနေနဲ့ အခင်းဖြစ်နေ့က ရိုက်တာသတင်းသမားတွေကို အတင်းခေါ်တာမရှိဘဲ ရိုက်တာ ဘက်ကသာ စတင် ဖုန်းဆက်ပြီး သူရှိရာကို လာရောက်ခဲ့ကြောင့် သူတာဝန် ကျရာနေရာနဲ့အနီးစပ်ဆုံး မှာ ချိန်းခဲ့တယ်လို့ ထွက်ဆိုခဲ့တာကြောင့် ထွက်ဆိုချက်တွေက အတော်လေးကွဲလွဲနေပါတယ်။

ရိုက်တာ သတင်းသမားတွေရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကတော့

"ရဲမှူးချုပ်တင်ကိုကိုက ဘာခိုင်းလို့ဘာလုပ်တယ်လို့ ထွက်မယ်လို့ ကျနော်မယူဆဘူး။ မနေ့ကပဲ ပိတ်ပြီး ရဲချုပ်ကပြောထားတာကို နောက်သက် သေတွေကြည့်ပါဦးဓ ဟိုဟာမဟုတ်ဘူး ဆိုတာပြောထားတော့ ဒီလိုဘဲပိတ်ထွက်မယ်လို့ ကျနော်တို့သိထားပြီးသားပါ။ အဲလိုပိတ်ထွက်တဲ့ အထဲမှာကိုဘဲ ကျနော်တို့ လိုချင်တဲ့ဟာတွေရလိုက်တယ် လို့ ကျနော်တို့ကတော့ယူဆတယ်။ "

တရားပြိုင် ရိုက်တာရှေ့နေတွေဘက်က ကိုဝလုံးထွက်ချက်နဲ့ ဒုတပ်ကြပ်နိုင်လင်းပြောဆိုချက် ကွာခြားနေ တာကြောင့် ဒုတပ်ကြပ်နိုင်လင်းနဲ့ ကိုဝလုံးတို့ အခင်းမဖြစ်ခင်နဲ့ အခင်းဖြစ်နေ့ တို့က ပြောဆိုခဲ့တဲ့ ဖုန်းအသံဖိုင်တွေကို စိစစ်ဖို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသံဖိုင်တွေကို တရားရုံးဘက်က တရားဝင် တောင်းယူပေးဖို့ တင်ပြလာ တာရှိခဲ့ပါတယ်။

ဒီအပေါ်တရားသူကြီးက အမှူစတင်တည်ဆောက်ချိန်မှာ အမှူစစ်ရဲအရာရှိက အမှူမှာ ဒီလို စုံစမ်းစစ်ဆေးခဲ့တဲ့ လုပ်ငန်းစဉ် မျိုး ထည့်သွင်းလုပ်ဆောင်ထားတာမရှိခဲ့တာမို့ တရားရုံးက လတ်တလော ချက်ချင်းဒါကို စိစစ်ပေးနိုင်ခြင်းမရှိလို့ ဒီတခေါက် တင်ပြတာကို ပယ်ချလိုက်တယ် လို့ တရားခွင်မှာ တရားသူကြီးကဆိုခဲ့ပါတယ်။

ဒီကနေ့မှာ ဒုရဲအုပ်မှူးဟောင်း မိုးရန်နိုင်လိုဘဲ အရေးယူခံရတဲ့ တပ်ကြပ်ကြီး ခင်မောင်လင်း ကို စစ်မေးဖို့ ပြီးခဲ့တဲ့ ရုံးချိန်းမှာ တရားသူကြီးက သက်ဆိုင်ရာ တပ်ရင်းဌာန ကို အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။ သူတာဝန်ကျခဲ့တဲ့ အမှတ် ၈ လုံခြုံရေး ရဲတပ်ရင်းက ပြီးခဲ့တဲ့ ဧပြီ ၂၇ရက်နေ့က သူ့ကို ရဲတပ်ဖွဲ့ကနေ ရာသက်ပန် ထုတ်ပယ်ပြစ်ဒဏ်ပေးခဲ့တာမို့ တပ်ရင်းကထွက်ခွာသွားပြီဖြစ်ကာ အခု အချိန်မှာ ဘယ်နေရာမှာ နေထိုင်လဲဆိုတာမသိတာကြောင့် ရိုက်တာအမှူမှာ အစိုးရရဲ့ တရားလိုပြသက်သေ အဖြစ်လုပ်နိုင်ခြင်းမရှိ တော့ဘူးလို့ စာပေးပို့ပြန်ကြားလာ ခဲ့ပါတယ်။

လက်ရှိမှာ အစိုးရရှေ့နေတွေဘက်က တပ်ကြပ်ကြီးခင်မောင်လင်းနေရာမှာ အစားထိုးလိုပြသက်သေတဦးအဖြစ် နေပြည်တော် CID ဌာနက မူခင်းကျွမ်းကျင်သူတဦး လာရောက်အစစ်ခံဖို့ တင်ပြလာခဲ့တဲ့အတွက် လာမယ့်မေ ၂၁နဲ့ ၂၂မှာ ၂ရက်တာ ရုံးချိန်းခေါ်ယူထားပြီး အဲဒီနေပြည်တော်ကလာတဲ့ မူခင်းကျွမ်းကျင်သူတဦး ကိုစတင်စစ်မေးမှာပါ။ လက်ရှိအချိန်မှာတော့ လာအစစ်ခံမယ့် သူ ရာထူးနဲ့ နာမည်ကို မသိရသေးပါဘူး။

Your browser doesn’t support HTML5

ရိုက်တာသတင်းထောက်အမှု ရဲမှတ်တမ်းရယူမှုထွက်ချက်များ ကွဲလွဲနေ