သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်၂ ဦး ဖမ်းဆီးမှု NLD ဦးဉာဏ်ဝင်းဝေဖန်


NLD ဦးဉာဏ်ဝင်း
NLD ဦးဉာဏ်ဝင်း

မြန်မာနိုင်ငံမှာ နိုင်ငံတော်လှို့ဝှက်ချက်ဥပဒေနဲ့ Reuters သတင်းထောက် ၂ ယောက် ဖမ်းဆီးတရားစွဲခံထားရတာနဲ့ပါတ်သက်လို့ သူတို့ဟာ ပြစ်မှု မမြောက်ဘဲ ဖမ်းဆီးခံရတာဖြစ်တယ်လို့ NLD ပါတီဗလိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။

"အမှုမတင်ခင် သူတို့ကို စဖမ်းစဉ်ကတည်းက ကျနော်ပြောခဲ့တာကိုပြန်ပြောပါ့မယ်။ အဲဒါက ဘာလဲဆိုတော့ ပြစ်မှုကျူးလွန်တာမရှိပဲနဲ့ အဖမ်းခံရတာလို့ သူတို့ပြောတယ်။ သူတို့လက်ထဲမှာ စာရွက်စာတန်း တစုံတရာတွေ့ရုံနဲ့၊ ဒီစာရွက်ကို သုံးတာမရှိပဲနဲ့၊ ပြစ်မှုမဖြစ်ဘူး။ အဲဒါဥပဒေအမြင် အရကျနော်ပြောတာ အခုလည်းဒီအတိုင်းပါပဲ။"

ဒီအမှုဟာ လောလောဆယ် တရားရုံးမှာ စစ်ဆေးနေတဲ့အမှုဖြစ်လို့ သူ့အနေနဲ့ ဝေဖန်လို့ မရပေမဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စဖမ်းစဉ်တုန်းက သူပြောခဲ့တာကို ဦးဉာဏ်ဝင်းက ပြန်ပြောပြတာဖြစ်ပါတယ်။ Reuters သတင်းထောက်တွေ့ကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ အမှုနဲ့ပါတ်သက်လို့လည်း ရဲတရားရုံးက ချုပ်မိန့်ပေးတာဟာ ဥပဒေနဲ့ မညီဘူးလို့ပြောပါတယ်။ ဖွဲ့စည်းပုံဥပဒေအရ လူတယောက်ကို ၂၄ နာရီထက်ကျော်ပြီး ဖမ်းချုပ်ထားနိုင်ဖို့ တရားသူကြီးကသာ ရမန်ပေးနိုင်တယ်လို့ ဦးဉာဏ်ဝင်းက ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဥပဒေအခွင့်အရေး အညီအမျှ မရနိုင်သူတွေကို တရားဥပဒေမှာ ညီမျှတဲ့အခွင့်အရေးရနိုင်ဖို့အတွက် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးကို သောကြာနေ့က နေပြည်တော်မှာ ဖွင့်လှစ်ခဲ့စဉ်မှာ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆင်းရဲလို့၊ ခရီးဝေးလို့၊ နားမလည်လို့ဆိုပြီး ဥပဒေအခွင့်အရေး မထိခိုက်အောင် ကာကွယ်ပေးနိုင်ဖို့ အဓိက ရည်ရွယ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG