နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုနဲ့ ရိုက်တာသတင်းသမားတွေအပေါ် ခရိုင်တရားရုံးက ချမှတ်လိုက်တဲ့ အမိန့်ကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ အကျိုးဆောင်ရှေ့နေတွေက ဒီကနေ့ အယူခံဝင်ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
ရိုက်တာ သတင်းထောက် ၂ ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုနဲ့ ၉ လအကြာ စစ်ဆေး ရုံးတင်စစ်ဆေးပြီးနောက် မြောက်ပိုင်း ခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တဲ့အပေါ် ရန်ကုန်တိုင်းတရားရုံးမှာ ဆက်လက် အယူခံဝင်တာ ဖြစ်ပါတယ်။
အယူခံဝင်တာနဲ့ပတ်သက်လို့ ရိုက်တာ သတင်းသမားတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်က အခုလို ရှင်းပြပါတယ်။
"ဒီနေ့မနက်တင်လိုက်တယ်။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်ပါတယ်။ အခြေအနေဘယ်လိုရှိ လည်းဆိုတော့ လောလောဆယ် အမှုလက်ခံထားတာပေါ့။ အမှုလက်ခံပြီးရင် နှစ်ဖက် လျှောက်လဲချက်ကိစ္စတွေ မလာခင်မှာ သူတို့ဥပဒေဘက်ကို အမှုတွဲခေါ်တာတွေ အကြောင်းကြားတာတွေ အကြောင်းကြားပြီးရင် အမှုတွဲ ခေါ်မယ်။ ၂ ဖက်လျောက်လဲချက် ကြားနာမယ်။ ကြားနာပြီးမှ အမိန့်ချမယ်။ ဒါက နောက်တလ နှစ်လ လောက်တော့ ကြာအုံးနိုင်တယ်။"
ရိုက်တာ သတင်းသမားတွေရဲ့ ဖုန်းထဲမှာ ပုပ်ရဟန်းမင်းကြီးခရီးစဉ်ရဲ့ လုံခြုံရေး အစီအမံစာရွက်အပါအဝင် လျို့ဝှက်အဆင့်သတ်မှတ်တဲ့ စာရွက်စာတမ်းတွေကိုပါ ဖော်ထုတ်စစ်ဆေးတွေ့ရှိတာကြောင့် မြောက်ပိုင်း ခရိုင် တရားရုံးက ခရိုင်တရားသူကြီးက အမိန့်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။
ရိုက်တာသတင်းသမားနှစ်ဦးကို ခုလို ဖမ်းဆီးထောင်ချခဲ့တာကို မြန်မာသတင်းအဖွဲ့တွေရော နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ အစိုးရတွေကပါ ဝေဖန်နေကြပါတယ်။ သူတို့ှနှစ်ဦးစလုံးဟာ သတင်းလုပ်ငန်းကိုသာ လုပ်ကိုင်ခဲ့တာဖြစ်လို့ ဘာမှ အပြစ်မရှိဘူးလို့ သတင်းမီဒီယာအဖွဲ့တွေက ယူဆပါတယ်။ အခု အယူခံဝင်တဲ့ကိစ္စဟာလည်း အပြစ်မရှိကြောင်း ပြန်လည်ထုချေတဲ့သဘောဖြစ်တယ်လို့ မြန်မာသတင်းမီဒီယာကောင်စီက ကောင်စီဝင် ကိုမြင့်ကျော် က ယူဆပါတယ်။
"အယူခံတင်တယ်ဆိုတာ ကျွန်တော်တို့အမြင်မှာတော့ ကိုယ့်ဘက်က အပြစ်မရှိကြောင်းကို ထုချေတာ လျောက်လဲတာပဲပေါ့နော်။ ဒီဟာက အသနားခံတာမျိုးဆိုတာမျိုး အဓိပ္ပာယ်မျိုးမပေါက်ဘူးလေ။ အသနားခံ တယ်ဆိုတာ အပြစ်ရှိပါတယ် ခွင့်လွှတ်ပါမျိုး ယေဘုယျအားဖြင့် ယူဆလို့ရတယ်။ အယူခံဆိုတာဟာက အပြစ်မရှိကြောင်း ထုချေလျောက်လဲတဲ့ သဘောမျိုးပေါ့။ ဥပဒေကြောင်းအရကော ဒီဟာမှာဘာမှ သူတို့ နိုင်ငံတော်ရဲ့ လျို့ဝှက်ချက်ကို ချိုးဖောက်ပြီးတော့ ဘာမှ လုပ်ဆောင်ထားတာမဟုတ်ဘူး။ သတင်းသမား သတင်းအလုပ်ကို လုပ်ဆောင်တာပဲဆိုတဲ့ သဘောပေါ့လေ။ ကျွန်တော့်အမြင်မှာတော့ ဒါကတော့ ကျွန်တော်ကတော့ ထောက်ခံတယ်။"
ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ ရွာသား ၁၀ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့တာကို ရိုက်တာ သတင်းဌာနအတွက် ဖော်ထုတ်ရေးသားနေစဉ်မှာပဲ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်က သီးသန့်စုံစမ်းစစ်ဆေးခဲ့ပြီး နောက်ပိုင်းမှာ သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါသေးတယ်။
သတင်းထောက် နှစ်ယောက် ဖမ်းဆီးထောင်ချခံရတဲ့ ကိစ္စဟာ မြန်မာနိုင်ငံ အရပ်သားအစိုးရလက်ထက် သတင်းလွတ်လပ်ခွင့်အခြေအပေါ် မေးခွန်းထုတ်တာတွေလည်း ရှိနေပြီး သတင်းသမား ကာကွယ် စောင့်ရှောက် ရေးအဖွဲ့တွေကလည်း ရှုံချကြပါတယ်။
ဒါအပြင် အရင်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်ကထက် အခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားအစိုးရလက်ထက်မှာ သတင်းသမားတွေ ဖမ်းဆီးထောင်ချခံရတာ ပိုမိုများပြားတာတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5