ရိုဟင်ဂျာတွေ Bhasan Char ကျွန်းပြောင်းတဲ့ကိစ္စ ဆန်းစစ်ဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

Bhasan Char ကျွန်းမှာ ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (ဒီဇင်ဘာ ၃၊ ၂၀၂၀)

[Zawgyi/Unicode]

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘာဆန်ချာကျွန်းကို ပို့တဲ့အပေါ် သီးခြားလွတ်လပ်တဲ့ ဆန်းစစ်မှုတွေလုပ်ပြီး ဒီလူတွေအနေနဲ့ သူတို့ရဲ့ ဆန္ဒအလျောက်သွားတယ်ဆိုတာကို အတည်ပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁,၆၄၂ ယောက်ကို ဘာဆန်ချာကျွန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ရွှေ့ပြောင်းပေးခဲ့တာဖြစ်ပါတယ်။ ဒီလူတွေကို အဲဒီကျွန်းမှာ ဘေးကင်းလုံခြုံစွာ ထားနိုင်ဖို့အတွက် သင့်တော်ရဲ့လားဆိုတာကို အတည်ပြုဖို ကုလသမဂ္ဂရဲ့ သီးခြားလွတ်လပ်တဲ့ အကဲဖြတ်ချက်မပါဘဲ ရွှေ့ပြောင်းလိုက်တဲ့အပေါ်မှာ စိုးရိမ်တယ်လို့ Tom Andrews ကပြောပါတယ်။

SEE ALSO: ရိုဟင်ဂျာဒုက္ခသည်တွေ Bhasan Char ကျွန်းပြောင်းတဲ့အပေါ် အမေရိကန်စိုးရိမ်

ဘာဆန်ချာကျွန်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဆိုပြုတဲ့ အကဲဖြတ်ချက်ရဲ့ ရလဒ်အပေါ်မှာအခြေခံပြီး ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အစီအစဉ်ကို လုပ်ဆောင်ဖို့နဲ့ အဲဒီကျွန်းကို ရွှေ့ပြောင်းသွားတဲ့သူတွေဟာ သူတို့ရဲ့ ဆန္ဒအလျောက်သွားတယ်ဆိုတာကို အတည်ပြုဖို့အတွက် သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ စိစစ်အတည်ပြုမှုတွေလုပ်ဖို့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Andrews က ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း တိုက်တွန်းလိုက်ပါတယ်။ တချို့ရွှေ့ပြောင်းနေရာချထားမှုတွေဟာ သူတို့ရဲ့ ဆန္ဒမပါဘဲ လုပ်ဆောင်ခဲ့တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့လည်း သူအနေနဲ့စိုးရိမ်မိပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း အဲဒီဒုက္ခသည်တွေအတွက် တခြားရွေးချယ်စရာနည်းလမ်းတွေကို လုပ်ဆောင်ပေးသင့်တယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်ပြဿနာဟာ မြန်မာနိုင်ငံကနေ စတင်ပေါ်ထွက်လာတာဖြစ်ပြီး ဒါကို မြန်မာနိုင်ငံကပဲ ဖြေရှင်းရမှာဖြစ်ကြောင်း၊ ဒီဒုက္ခသည်ပြဿနာကို အဆုံးသတ်ဖို့အတွက် မြန်မာနိုင်ငံမှာ ကျင့်ဝတ်ပိုင်းအရရော တရားဥပဒေပိုင်းအရပါ တာဝန်ရှိတယ်လို့ သူက ပြောလိုက်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ၂ နိုင်ငံနားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးပြီး ဒုက္ခသည်တွေကို စိစစ်လက်ခံဖို့ ပြီးခဲ့တဲ့နှစ်တွေကတည်းက စတင်လုပ်ဆောင်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာတွေ Bhasan Char ကျွန်းပြောင်းတဲ့ကိစ္စ ဆန်းစစ်ဖို့ ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

[Unicode Version]



SEE ALSO: ရိုဟင်ဂျာတွေ Bhasan Char ကျွန်းပို့မှု ရပ်တန့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ကို ကန် အထက်လွှတ်တော်အမတ်တွေ တောင်းဆို

