ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး လှေတိမ်းမှောက်မှု ရိုဟင်ဂျာ ၁၀ ဦးထက်မနည်း သေဆုံး

လှေနစ်မြုပ်သွားပြီးနောက် ဆယ်ယူရရှိတဲ့သေဆုံးသူအနီးဆွေမျိုးများကိုတွေ့ရစဉ် (ဩဂုတ် ၆၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြား နတ်မြစ်ထဲမှာ ရိုဟင်ဂျာတွေ စီးနင်းလာတဲ့ လှေ နစ်မြုပ်တာကြောင့် ကလေးငယ်တွေအပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးသွားပါတယ်။ စစ်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၂၉ ဦး စီးနင်း လိုက်ပါလာတဲ့ လှေ နစ်မြုပ်သွားတာလို့ ဘင်္ဂလားဒေ့ရှ် Teknaf ဒေသ အုပ်ချုပ်ရေးကောင်စီဝင် Rashid Mia က AFP သတင်းဌာနကို ပြောပါတယ်။

မနေ့ အင်္ဂါနေ့မှာနေ့မှာ နစ်မြုပ်သွားတဲ့ လှေပေါ်လိုက်ပါသူတချို့ကတော့ ကမ်းခြေရောက်အောင် ကူးခပ်နိုင်ခဲ့ပြီး အခုအခါ အလောင်း ၁၀ လောင်းကို ဆယ်ယူထားပြီလို့လည်း Mia ကပြောပါတယ်။ ဒါပေမယ့်လည်း လူတချို့ကတော့ ပျောက်ဆုံးနေဆဲပါ။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ AA အာရက္ခတပ်တော်နဲ့ စစ်တပ်အကြား အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားလာခဲ့ပြီး အခုအခါ AA အာရက္ခတပ်တော်က ရခိုင်ဒေသ အများအပြားကို သိမ်းပိုက်ထားတာပါ။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်တွင်း စစ်ကြောင်းထိုးပြီး နယ်မြေဒေသ ရှင်းလင်းလာရာကနေ ဒေသခံ ရိုဟင်ဂျာ အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စတင်ထွက်ပြေးခဲ့ရတာနဲ့ ပတ်သတ်လို့ ကုလသမဂ္ဂကလည်း လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေပါတယ်။ အခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ ၁ သန်းလောက် ခိုလှုံနေထိုင်နေပြီး စစ်ပွဲတွေကြောင့် အခုချိန်ထိလည်း မြန်မာနိုင်ငံကနေ နောက်ထပ် ရိုဟင်ဂျာ အများအပြား ထွက်ပြေးနေကြရပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး လှေတိမ်းမှောက်မှု ရိုဟင်ဂျာ ၁၀ ဦးထက်မနည်း သေဆုံး