သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအကျပ်အတည်းဖြေရှင်းရေး ဘင်္ဂလားဒေ့ရှ်ကို ခိုင်မာတဲ့မိတ်ဖက် ကန်သတ်မှတ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက ဘာလုခါလီ ဒုက္ခသည်စခန်းက ရိုဟင်ဂျာများ။ (၀၂၊ ၂၊ ၂၀၂၁)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက ဘာလုခါလီ ဒုက္ခသည်စခန်းက ရိုဟင်ဂျာများ။ (၀၂၊ ၂၊ ၂၀၂၁)

ရိုဟင်ဂျာဒုက္ခသည်ဆိုင်ရာ အကျပ်အတည်းကိုဖြေရှင်းရာမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ခိုင်မာတဲ့မိတ်ဖက်အဖြစ် အမေရိကန်ပြည်ထောင်စုက ဆက်ရှိနေမယ်လို့ အမေရိကန် တာဝန်ရှိသူတဦးက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

မြန်မာနိုင်ငံကပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ပြီး အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာသွားရတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းကင်းနေရပ်ပြန်နိုင်ရေးအတွက် ဒေသတွင်းနိုင်ငံတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ အတူ ဆက်လက်ထောက်ခံသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်က အမေရိကန်သံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုက္ခသည်ဆိုင်ရာ ဒေသညှိနှိုင်းရေးမှူး မက္ကဇီ ရိုး (Mackenzie Rowe) က ပြောပါတယ်။ ဒါကာမြို့တော်က အမေရိကန်စင်တာမှာ ကျင်းပတဲ့ ဆွေးနွေးပွဲတခုမှာ သူက အဲဒီလို ပြောတာပါ။

“ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်တဲ့နေ့ရောက်တဲ့အထိ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုမှာ ခိုင်မာတဲ့လက်တွဲဖော်အဖြစ် အမေရိကန်အနေနဲ့ ဆက်ရှိပေးနေမယ်ဆိုတာကို ဘင်္ဂလားဒေ့ရှ်အနေနဲ့ သိထားသင့်” ကြောင်း သူက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နဲ့ဒေသတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းကြောင့် ထိခိုက်ခံစားရသူအားလုံးကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့ အကြီးမားဆုံး အလှူရှင်နိုင်ငံ ဖြစ်ပါတယ်။

၂၀၁၇ ဩဂုတ်လနောက်ပိုင်း ရိုဟင်ဂျာအရေး အမေရိကန်အကူအညီ စုစုပေါင်းက အမေရိကန် ဒေါ်လာ ၂.၄ ဘီလီယံနီးပါးရှိနေပြီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးတွေအတွင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုစွပ်စွဲချက်နဲ့ ရိုဟင်ဂျာ သိန်းနဲ့ချီနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လက်ရှိမှာအရင်ရှိနေပြီး ဒုက္ခသည်တွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေသူအရေအတွက်က တသန်းကျော်အထိ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG