ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒနဲ့အညီပြန်ပို့ရေး ကန်လိုလား

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေ တိုးတက်စေမယ့်၊ ကျူးလွန်သူတွေ ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ခံမှုရှိစေမယ့် လုပ်ဆောင် ချက်တွေအပေါ် အဓိကအာရုံစိုက်ဖို့ အရေးကြီးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ပထမအသုတ် လူ ၂,၀၀၀ ကို နိုဝင်ဘာလလယ်မှာစပြီး မူလနေရာ တွေဆီ ပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီချက်အပေါ် အမေရိကန်ရဲ့သဘောထားကို ကြာသပတေး နေ့ သတင်းစာရှင်းလင်းပွဲအတွင်း မေးမြန်းတာမှာ နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ Robert Palladino က အဲဒီလို တုံ့ပြန် ဖြေဆိုတာပါ။

မိမိတို့ရဲ့ရည်မှန်းချက်က လူသားဘေးဒုက္ခ လျော့ပါးသက်သာစေဖို့နဲ့ ပဋိပက္ခ၊ အကြမ်းဖက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှု အခြေခံ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်တယ်လို့လည်း မစ္စတာ Palladino ကပြောပါတယ်။ ကျူးလွန်သူတွေ ကိုယ့်လုပ်ရပ် ကိုယ် တာဝန်ခံမှုရှိစေရေး ဆက်လက် တောင်းဆိုသွားမှာဖြစ်ပြီး ဒုက္ခသည်ပြန်ပို့ရေး ဘယ်အစီအစဉ်မဆို ကိုယ့်ဆန္ဒသဘောထား နဲ့အညီ ဖြစ်တယ်ဆိုတာ သေချာစေဖို့ အနီးကပ်စောင့်ကြည့်သွားမယ်လို့လည်း ပြောပါတယ်။

ဒုက္ခသည်တွေပြန်သွားဖို့ရာ ရခိုင်ပြည်နယ်တွင်း အခြေအနေတွေက တကယ်တမ်း သင့်လျော်တဲ့အခြေအနေ မရှိဘူးဆိုတဲ့ စိုးရိမ်ချက်တွေအပေါ် အမေရိကန်ရဲ့သဘောထားကိုတော့ ဒုတိယပြောခွင့်ရ Palladino က အတိအကျ ပြောမသွားပါဘူး။

ဒီအတောအတွင်းမှာပဲ ပြည်ပအခြေစိုက် Free Rohingya Coalition ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်ရာမှာ နိုဝင်ဘာလလယ်မှာ စတင်မယ့် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးအစီအစဉ်အတွက် အလွန်ပဲ စိတ်ပျက်မိကြောင်း ဖေါ်ပြထားပါတယ်။

စီစစ်ပြီးသား ရိုဟင်ဂျာဒုက္ခသည် ပထမအသုတ်ကို နိုဝင်ဘာလလယ်မှာ နေရပ်ပြန်နိုင်ရေး အဆင်သင့်ဖြစ်နေကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံပူးတွဲ ကြေညာခဲ့တာပါ။

အရင် ၁၉၇၈ခုနှစ်မှာ တကြိမ်၊ နောက် ၁၉၉၂နဲ့ ၁၉၉၃ ခုနှစ်တွေမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံကို အစုလိုက်အပြုံလိုက် ပြန့်ပို့ခဲ့တဲ့ ဖြစ်ရပ်မျိုးရှိခဲ့ပြီး အဲဒီတုန်းက နိုင်ငံတကာဥပဒေကျင့်ဝတ်တွေနဲ့ အညီ ဘင်္ဂလားဒေ့ရှ်ရော မြန်မာနိုင်ငံဘက်ကပါ ဆောင်ရွက်ခဲ့တာမျိုးမရှိခဲ့ဘူးလို့ ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ဒါကြောင့် အခုတကြိမ်မှာလည်း ဒုက္ခသည်တွေနေရပ်ပြန်ရေး လုံခြုံစိတ်ချရတဲ့ အခြေအနေမရှိသေးဘူးလို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းပြောဆိုနေပေမယ့် နှစ်နိုင်ငံ အစိုးရက ဒုက္ခသည်တွေ ပြန်ပို့ရေး အတင်းအကြပ်ဆောင်ရွက်နေတဲ့အပေါ် အဖွဲ့အနေနဲ့ အလေးအနက် ကန့်ကွက်ကြောင်း ကြေညာချက်မှာ ရေးသားထားပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒနဲ့အညီပြန်ပို့ရေး ကန်လိုလား