"စစ်သည်တွေရဲ့ထွက်ဆိုချက်တွေဟာ ခြိမ်းခြောက်ခံထားရတာမို့လို့ ပြောဆိုတာဖြစ်ပါလိမ့်မယ်" - ဗိုလ်ချုပ်ဇော်မင်းထွန်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နားက ကျေးရွာတချို့ မီးလောင်ခဲ့တဲ့ မြင်ကွင်း။ (စက်တင်ဘာ ၀၇၊ ၂၀၁၇)

[Zawgyi/Unicode]

ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို အစုအဝေးလိုက် သတ်ဖြတ်မှုနဲ့ တခြားရာဇဝတ်မှုတွေမှာ ပါဝင်ခဲ့ပြီး နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး (ICC) မှာ ထွက်ဆိုသွားမယ်လို့ သတင်းထွက်နေတဲ့ စစ်သား နှစ်ဦးနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က တုံ့ပြန်ချက်ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က ပြောပြပါမယ်။

၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်စစ်ဆင်ရေး လုပ်ဆောင်တာမှာ ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ တပ်ကနေထွက်ပြေးပြီး ရခိုင်လက်နက်ကိုင်AAအဖွဲ့ဆီ ရောက်ခဲ့တဲ့ တပ်မတော်သားနှစ်ဦးက ထွက်ဆိုခဲ့တာပါ။

သူတို့နှစ်ဦးဟာ အခုအခါ ICC ရှိရာ The Hague မြို့မှာ ရောက်နေပြီလို့ New York Times သတင်းစာ၊ ကနေဒါ CBC ရုပ်သံလွှင့်သတင်းဌာနနဲ့ Fortify Rights လူ့အခွင့်အရေးအဖွဲ့တို့က ပြောထားပါတယ်။ ဒါပေမဲ့လည်း ဒီအပေါ် ICC ဘက်က အတည်ပြုပြောဆိုတာတော့ မရှိသေးပါဘူး။

ရခိုင်ပြည်စစ်ဆင်ရေးအတွင်း တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်ထားတယ်ဆိုပြီး ICC မှာ ဒီစစ်သား နှစ်ဦး ထွက်ဆိုမယ်ဆိုတဲ့ သတင်းအပေါ် တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို တုံ့ပြန်ပါတယ်။

SEE ALSO: ရိုဟင်ဂျာသတ်ဖြတ်မှု စစ်သားနှစ်ဦးထွက်ဆိုချက် ယုံကြည်ရလောက် (Fortify Rights)

"ICC မှာရောက်တယ်ဆိုတဲ့ နှစ်ယောက်ပေါ့လေ။ ရောက်ခြင်း၊ မရောက်ခြင်းကတော့ တချို့လည်းရောက်တယ်၊ တချို့လည်း မရောက်ဘူး ငြင်းခုန်နေတာ ရှိသေးတယ်။ AA အနေနဲ့ကမေလအတွင်းမှာ ဝါဒဖြန့်တဲ့ ဗွီဒီယိုဖိုင်တခု ထုတ်လွှင့်ခဲ့တယ်။ အဲဒီအထဲမှာလည်း ကျနော်တို့ ဒီအထဲမှာပါနေတဲ့ တယောက်ပါပြီးသား ဖြစ်နေတယ်။ သူတို့ကတော့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ဖမ်းဆီးခြင်းခံရတဲ့သူတွေပဲ ဖြစ်တယ်။ အကြမ်းဖက်အဖွဲ့အစည်းက ဖမ်းဆီးခြင်းခံရတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ထွက်ဆိုချက်တွေဟာ သူတို့အသက်အန္တရာယ် စိုးရိမ်သော်လည်းကောင်း၊ သူတို့ ခြိမ်းခြောက်ခံရတဲ့သော်လည်းကောင်း ဒါပြောဆိုတာဖြစ်နိုင်တယ်။ အဲဒီအထဲမှာလည်း သူတို့ ပြောခဲ့ပါတယ်။ အနေအထားထဲမှာ ပြောခဲ့တဲ့အခါမှာလည်း ဘယ်နေရာတွေမှာ အစုလိုက်အပြုံလိုက်လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ပုံစံမျိုးပေါ့နော်။ ဒါတွေပြောခဲ့တာတော့ ရှိတယ်။ AA အဖွဲ့အနေနဲ့ကတော့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ ရခိုင်လူမျိုးအချင်းချင်းတောင်မှပဲ သူတို့ကို မထောက်ခံတဲ့သူမျိုးဆိုရင် သတ်ဖြတ်ပစ်တာတို့ မျက်မြင်ဖြစ်တဲ့ ကိစ္စမို့လို့ ဒီစစ်သည်တွေရဲ့ထွက်ဆိုချက် ပြောဆိုချက်တွေဟာ ခြိမ်းခြောက်ခံထားရတာမို့လို့ ပြောဆိုတာ ဖြစ်ပါလိမ့်မယ်။"

တပ်မတော် တပ်သားဟောင်းတွေလို့ ပြောထားတဲ့ ကိုမျိုးဝင်းထွန်းနဲ့ ကိုဇော်နိုင်ထွန်းတို့ဟာ ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်အရပ်သား အမြောက်အမြားကို သတ်ဖြတ်ခဲ့ရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ ဗွီဒီယိုထဲမှာ ဝန်ခံ ပြောဆိုထားတာပါ။

ဒီတပ်သားနှစ်ယောက်ဟာ ရခိုင်လက်နက်ကိုင် AA က ထိန်းသိမ်းခဲ့တဲ့သူတွေဖြစ်ပြီး ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ တပ်မတော်က ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ ပြောထားတာကို ရိုက်ယူထားတဲ့ ဗွီဒီယိုကို မေလ ၂၈ ရက်နေ့ မှာ AA အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

SEE ALSO: Bhashan Char ကျွန်းရောက် ရိုဟင်ဂျာများနေထိုင်ရေးခက်ခဲ

AA ပြောခွင့်ရ ခိုင်သုခကတော့ တပ်မတော်အနေနဲ့ စစ်ပွဲဖြစ်ပွားရာဒေသမှာ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ဖြစ်စဉ်တွေကြောင့် နိုင်ငံတကာဥပဒေနဲ့ အရေးယူဖို့ လိုအပ်ကြောင်းဆိုပါတယ်။

"မြန်မာစစ်တပ်တွေဟာ သူတို့ ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေပေါ့နော်... ဒီတိုင်းရင်းသားဒေသတွေမှာရော၊ မြန်မာပြည်မထဲမှာရော သူတို့သတ်ဖြတ်ခဲ့တဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုပေါင်းမျိုးစုံကို ဘယ်တုန်းကမှ သူတို့ ဝန်ခံခဲ့တာမရှိဘူး။ အဲဒါကြောင့်မို့လို့ အခုလည်းပဲ သူတို့ကတော့ မျက်လုံးစုံမှိတ်ပြီးတော့ ငြင်းတာပေါ့ဗျာနော်။ ဒီမြန်မာ ဖက်ဆစ်စစ်တပ်ကို သူတို့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူနိုင်ဖို့အတွက် မြန်မာနိုင်ငံအတွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေမရှိဘူးဗျ။ မြန်မာစစ်ရာဇဝတ်ကောင်တွေကို အရေးယူဖို့ဆိုလို့ရှိရင်တော့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ နိုင်ငံတကာဥပဒေအရ သူတို့ကို အရေးယူအပြစ်ပေးနိုင်ဖို့ လိုတယ်။"

ရခိုင်ဒေသအတွင်း တပ်မတော်ကနေ ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးပြီး အရေးယူတာ ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး (ICC) ကို အသိမှတ်မပြုဘူးလို့လည်း တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"နိုင်ငံတကာတရားရုံးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒီတပ်မတော် နိုင်ငံတော်အစိုးရအနေနဲ့ ဒီ ICC နဲ့ ပတ်သက်ပြီး ပြောပြီးသားဖြစ်တယ်။ ဘယ်တော့ အသိမှတ်မပြုဘူးဆိုတဲ့ ပုံစံမျိုး ပြောပြီးဖြစ်တယ်။ ဒါနိုင်ငံတော်အစိုးရပိုင်က ပြောတာပေါ့နော်။ ဒီလိုမျိုး ကျနော်တို့ ပြောချင်တာကတော့ ကောင်းစွာအလုပ်လုပ်သား ရှိရဲ့သားနဲ့ ဒီလိုမျိုးပုံစံ ဖြစ်တာသည် ဒါသည် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍကို ဝင်ရောက်စွက်ဖက်တာပဲ ကျနော် မြင်ပါတယ်။"

ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို မြန်မာအစိုးရက အသိအမှတ်မပြုသလို ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်တွေကိုလည်း အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Fortify Rights ကတော့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC အနေနဲ့ ပြစ်မှုကျူးလွန်တဲ့မြန်မာစစ်တပ်ကို ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ အဲဒီတပ်သားဟောင်း နှစ်ယောက်ကို အရေးကြီးတဲ့ မျက်မြင်သက်သေတွေအဖြစ် အကာအကွယ်ပေးဖို့ တိုက်တွန်းကြောင်း စက်တင်ဘာ ၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

"စစ်သည်တွေရဲ့ထွက်ဆိုချက်တွေဟာ ခြိမ်းခြောက်ခံထားရတာမို့လို့ ပြောဆိုတာဖြစ်ပါလိမ့်မယ်" - ဗိုလ်ချုပ်ဇော်မင်းထွန်း

[Unicode Version]






SEE ALSO: ရိုဟင်ဂျာမှုမှာ ပတ်သက်သူ မြန်မာစစ်သား ၂ ဦး ICC စစ်ဆေးဖို့ Fortify Rights တိုက်တွန်း





SEE ALSO: လှေစီးပြေးရိုဟင်ဂျာ ၃၀၀ နီးပါး အင်ဒိုနီးရှားကမ်းခြေရောက်ရှိ





