ဂါဇာကမ်းမြောင် အနာဂတ်အရေး အမေရိကန်နဲ့ ဆော်ဒီ ဆွေးနွေး

ဆော်ဒီအာရေးဗျနိင်ငံ၊ Riyadh မြို့တွင် တွေ့ဆုံနေကြသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman။ (၁၇ ဖေဖော်ဝါရီ ၂၀၂၅) (Reuters)

ဒေသတွင်းလုံခြုံရေးမှာ အရေးပါတဲ့အတွက် ဂါဇာအစီအစဥ်က အရေးကြီးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆော်ဒီအာရေးဗျ အိမ်ရှေ့မင်းသားတို့က အလေးထားကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tammy Bruce က ပြောပါတယ်။

ဆော်ဒီအာရေးဗျမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan တို့ကို တနင်္လာနေ့မှာ တွေ့ဆုံခဲ့ပြီးနောက် Tammy Bruce က ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။

ဂါဇာမှာ နေထိုင်နေကြတဲ့ ပါလက်စတိုင်း ၂.၃ သန်းကို အိမ်နီးချင်းတိုင်းပြည်တွေ ပို့ပြီး ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်က ပိုင်ဆိုင်မှုရယူမယ့် ထရမ့်ရဲ့ အဆိုပြုချက်ကို ဆွေးနွေး မဆွေးနွေးကိုတော့ ပြောရေးဆိုခွင့်ရှိသူက မပြောပါဘူး။ ဒါပေမဲ့ ဂါဇာမှာ အပစ်ရပ်ရေး အကောင်အထည်ဖော်ဖို့ကိုတော့ နှစ်ဘက်လုံးက ကတိကဝတ် ထပ်မံ အတည်ပြုလိုက်ကြတယ်လို့ Tammy Bruce က ပြောပါတယ်။

သီးခြား လွတ်လပ်တဲ့ ဂါဇာဒေသအပါအဝင် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို ဆော်ဒီအာရေးဗျနိုင်ငံ အပါအဝင် အာရပ်နိုင်ငံတွေက ဆက်လက် ထောက်ခံထားကြတာပါ။

ထရမ့်ရဲ့ ဂါဇာ အဆိုပြုချက်ကို ဆန့်ကျင်ကြတဲ့ အာရပ်နိုင်ငံတွေအနေနဲ့ ဂါဇာကို ပြန်လည်တည်ဆောက်ရေး သူတို့ရဲ့ သီးခြားအဆိုပြုချက်တွေကို တင်ပြသင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rubio က ပြောထားပါတယ်။

ဒီအချိန်မှာပဲ လက်ဘနွန်တောင်ပိုင်း မဟာဗျူဟာကျနေရာ ငါးနေရာမှာ အစ္စရေးလ်စစ်တပ်က ဆက်လက် တပ်စွဲထားမယ်လို့ အစ္စရေးလ်စစ်တပ်က တနင်္လာနေ့မှာ ပြောပါတယ်။

ဟက်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့နဲ့ အပစ်ရပ် သဘောတူညီချက်အရ အစ္စရေးလ်တပ်တွေကို အင်္ဂါနေ့ နောက်ဆုံးထား ရုပ်သိမ်းပေးရမှာပါ။

Your browser doesn’t support HTML5

ဂါဇာကမ်းမြောင် အနာဂတ်အရေး အမေရိကန်နဲ့ ဆော်ဒီ ဆွေးနွေး