ရုရှားသမ္မတရွေးကောက်ပွဲ စတင်

ရုရှားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲ စတင်ကျင်းပ (မတ် ၁၅၊ ၂၀၂၄)

ရုရှားနိုင်ငံမှာ ၃ ရက်ကျင်းပမယ့် သမ္မတရွေးကောက်ပွဲတွေ ဒီနေ့ စတင်ပါတယ်။ နောက်ထပ်သမ္မတသက်တမ်း ၆ နှစ်ကို သမ္မတ Vladimir Putin ပဲထပ်ပြီး အနိုင်ရမှာ သေချာနေတဲ့ရွေးကောက်ပွဲအတွက် ရုရှားပြည်သူတွေ မဲပေးနေကြပါတယ်။

နိုင်ငံရေးမှာ Putin ရဲ့ ထိန်းချုပ်မှုကို မေးခွန်းထုတ်မယ့် သီးခြားလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ လူသိများတဲ့ အတိုက်အခံတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေကို ရက်စက်စွာ နှိမ်နှင်းပြီးရွေးကောက်ပွဲ ကျင်းပနေတာဖြစ်ပါတယ်။

ရုရှားမှာ ရွေးကောက်ပွဲစတင်ပြီး မကြာခင်မှာပဲ EU ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel က Vladimir Putin ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရတဲ့အတွက် ဂုဏ်ယူတယ်လို့ X လူမှုကွန်ရက်ပေါ်မှာ ရွဲ့ပြီး ရေးတင်ခဲ့ပါတယ်။ အတိုက်အခံ မပါ၊ လွတ်လပ်မှု မရှိ၊ ရွေးချယ်စရာ မရှိလို့ ‌EU အကြီးအကဲက ဖော်ပြရေးသားခဲ့ပါတယ်။ ရွေးကောက်ပွဲလေ့လာသူတွေက ဒီရွေးကောက်ပွဲဟာ လွတ်လပ် ပွင့်လင်းမှု မရှိသလောက်ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

မဲပြားပေါ်မှာ Putin အပါအဝင် တခြားရွေးချယ်စရာ များများစားစားမရှိတဲ့အပြင် သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေလည်း မရှိသလောက်ဖြစ်ပါတယ်။

ယူကရိန်းကို ကျူးကျော်စစ်ဝင်တိုက်နေတာကြောင့်ရော၊ သမ္မတ Putin ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူ Alexei Navalny လွန်ခဲ့တဲ့ ၁ လက အကျဉ်းထောင်ထဲမှာ သေဆုံးသွားခဲ့တာကြောင့်ပါ ရုရှားအစိုးရအပေါ် အနောက်နိုင်ငံတွေက ဝေဖန်နေချိန် ရွေးကောက်ပွဲ ကျင်းပနေတာပါ။ Navalny ရဲ့ဇနီးဖြစ်သူ Yulia Navalnaya က ရုရှားရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့ အနောက်နိုင်ငံတွေကို တောင်းဆိုထားပါတယ်။

Putin ရဲ့ခေါင်းဆောင်မှုကို စိန်ခေါ်သူတွေ အသတ်ခံ၊ ထောင်ချခံရသလို အများအပြားပြည်ပမှာ တိမ်းရှောင်နေချိန်မှာ သူထပ်ပြီး အနိုင်ရမယ်ဆိုရင် ဆိုဗိယက်ခေတ်အာဏာရှင် Stalin ထက်သက်တမ်းရှည်တဲ့ ရုရှားခေါင်းဆောင်ဖြစ်လာပါလိမ့်မယ်။ ဒေသစံတော်ချိန် အချိန် ၁၁ မျိုးကွဲနေတဲ့ ရုရှားနိုင်ငံမှာ ရွေးကောက်ပွဲကို တနင်္ဂနွေနေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရုရှားသမ္မတရွေးကောက်ပွဲ စတင်