ရုရှားတပ်ဖွဲတွေဟာ ယူကရိန်းကျူးကျော်စစ် ၁၅ လ ကြာလာချိန်မှာ စစ်ပွဲတွင်း ဆုတ်ယုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဒီအမှားတွေကို သင်ခန်းစားယူပြီး သူတို့တပ်တွေရဲ့ လက်နက်နဲ့ စွမ်းဆောင်ရည်တွေကို
မြှင့်တင်နေပါတယ်။ ရုရှားဘက်က မိုင် ၆၀၀ ကျော်ရှိတဲ့ ရှေ့တန်း စစ်မျက်နှာပြင်တလျှောက် အကာအကွယ် ခံတပ်တွေ အခိုင်အမာ တည်ဆောက်ထားပြီး ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို ပြင်းပြင်းထန်ထန် ခုခံဖွယ်ရှိနေပါတယ်။
ယူကရိန်းတပ်ဖက်ကလည်း ကောင်းကောင်းပြင်ဆင်နေလို့ အချိန်ကြာလာတာနဲ့အမျှ ဒီစစ်ပွဲဟာ အချိန်အတော်ကြာအောင် အပြန်ပြန်အလှန်လှန် တိုက်ပွဲတွေ ဆက်ဖြစ်ဖွယ်ရှိတယ်လို့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley က အင်္ဂါနေ့မှာ AP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သုံးသပ်ိ ပါတယ်။
ယူကရိန်းရဲ့ အားသာချက်တခု ဖြစ်တဲ့ စစ်မြေပြင်သုံးမောင်းသူမဲ့ တိုက်ခိုက်ရေး ဒရုန်းတွေရဲ့ စွမ်းဆောင်ရည်ကို လျှော့နိုင်ဖို့ ရုရှားဘက်ကဘက်က အီလက်ထရွန်းနစ် လက်နက်ကိရိယာ တပ်ဆင်ပြီး ပြင်ဆင်ထားပါတယ်။ တခါ စစ်အေးခေတ်ကျန် အင်အားပြင်း ဗုံးတွေနဲ့ လက်နက်ခဲယမ်းတွေကို အသုံးပြုပြီး ပစ်မှတ်တွေကိုအတိအကျလမ်းညွှန် ပစ်ခတ်နိုင်တဲ့စနစ်တွေ ပြောင်းလဲအသုံးပြုပြီး သူတို့ရဲ့ စစ်လေယာဉ်တွေကို အန္တရာယ် မကျရောက်စေဘဲ ပစ်မှတ်တွေကို ချိန်ရွယ် ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရုရှားဖက်က တပ်ဖွဲ့ဝင်အရေအတွက် တိုးမြှင့်ခဲ့သလို လက်နက်လည်း တိုးတပ်ဆင်ထားပြီး ဒီလို နည်းဗျူဟာ အပြောင်းအလဲကြောင့် ယူကရိန်းရဲ တန်ပြန်ထိုးစစ်က စိန်ခေါ် မှုတွေနဲ့ ရင်ဆိုင်နေရပြီး စစ်ပွဲကလည်း ကာလရှည်ကြာဖို့လည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ကတော့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးက တန်ပြန်ထိုးစစ်နဲ့ ခံစစ် အတူ ဆောင်ရွက်နေပြီး သူ့တပ်မှူးတွေဟာ အောင်ပွဲအတွက် အပြုသဘောဆောင်တဲ့ သဘောထားရှိကြောင်း အခိုင်အမာပြောဆို ထားပါတယ်၊ ယူကရိန်းဖက်က အပြည့်အ၀ တန်ပြန်ထိုးစစ်ကို တရားဝင် စတင်ကြေညာဖို့ နှောင်နှေးနေတာလည်း ဖြစ်ပါတယ်။ တဖက်မှာတော့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းဖက်က တန်ပြန် ထိုးစစ်စတင်နေပြီး ရှေ့မတိုးနိုင်ဘဲ သိသိသာသာ အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
တဖက်မှာလည်း ရုရှားတပ်ဖွဲ့ဝင်တွေဘက်မှာ စိတ်ဓာတ်ရေးရာ ပျက်ပြားနေပြီး ခဲယမ်းမီးကျောက် ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရသလို တပ်ဖွဲ့များကြား ညှိနှိုင်းဆောင်ရွက်မှုကလည်း ညံ့ဖျင်းနေဆဲလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
Your browser doesn’t support HTML5