သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း တန်ပြန်တိုက်ခိုက်မှု ရုရှား Belgorod ဒေသထဲရောက်


Russia Ukraine Border
Russia Ukraine Border

ယူကရိန်း တန်ပြန်တိုက်ခိုက်မှု ရုရှား Belgorod ဒေသထဲရောက်

ယူကရိန်းနိုင်ငံနဲ့ နယ်နမိတ်ခြင်းထိစပ်နေတဲ့ ရုရှားနိုင်ငံတောင်ပိုင်း Belgorod ဘဲဂရော့ ဒေသကို ယူကရိန်းဖက်ကနေ အဝေးထိန်း ဒရုန်း၊ အမြောက်၊ မော်တာ လက်နက်ကြီးတွေသုံးကာ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက သောကြာနေ့မှာ ပြောပါတယ်။ ရုရှားတပ်တွေကလည်း ယူကရိန်းနိုင်ငံ အလယ်ပိုင်းက ဒီနီပရို Dnipro မြို့က စိတ်ကျန်းမာရေးနဲ့ တိရိစ္ဆာန် ဆေးခန်း အဆောက်အဦးကို တိုက်ခိုက်ခဲ့တာကြောင့် လူ ၂ ယောက်သေဆုံးပြီး၊ ကလေး ၂ ဦး အပါအဝင် လူ ၃၀ ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ဆိုပါတယ်။

ဘဲဂရော့ ဒေသက ဂရိုင်ဗိုရွန်မြို့ တိုက်ခိုက်ရာမှာတော့ နာရီပေါင်းများစွာ အချိန်ကြာမြင့်ခဲ့ပြီး ဈေးဆိုင်၊ အိမ်တွေ၊ ကား၊ ဓါတ်ငွေ့ပိုက်လိုင်းနဲ့ မီးအား လိုင်းတွေ ပျက်စီးခဲ့တယ်လို့ အုပ်ချုပ်ရေးမှုးက ပြောပါတယ်။ အခုအပတ် အစောပိုင်းမှာတော့ ဘဲဂရော့ ဒေသဟာ ရုရှားက ကျူးကျော်စစ်စချိန် ၁၅ လတာ ကာလအတွင်းမှာ ယူကရိန်းဖက်ကနေ နယ်စပ်ဖြတ်ကျော်ကာ အကြီးအကျယ် တန်ပြန် ထိုးစစ်ဆင်တာခံနေရတာပါ။ နယ်စပ်ဖြတ်ကျော်ကာ ဒရုန်းယဉ်တွေနဲ့ တန်ပြန်တိုက်ခိုက်တာကတော့ မကြာခဏဆိုသလို ဖြစ်နေပြီး ပြီးခဲ့တဲ့ လအတွင်းမှာ ပိုမို များပြားလာခဲ့တာပါ။

အခုလို ရုရှားနယ်စပ်ထဲ အထိ တန်ပြန် တိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီး အက်စ်တိုးနီးယားနိုင်ငံမှာ အစည်းအဝေးတက်ရောက်နေတဲ့ ဂျာမန် ဝန်ကြီးချုပ်နဲ့ ဘောလ်တစ်နိုင်ငံ ခေါင်းဆောင်တွေကတော့ လျော့ပေါ့ ပြောကြားကြပါတယ်။

မော်စကိုမှာတော့ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် Li Hui လိဟွေနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ဆာဂေးလပ်ရော တို့ တွေ့ဆုံကြပြီး ယူကရိန်းအရေးနဲ့ ဒီ ပဋိပက္ခ ဖြေရှင်းရေး သဘောထားတွေ ဆွေးနွေးခဲ့ကြပါတယ်လို့ ရုရှားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ Li Hui လိဟွေဟာ ဒီလ အစောပိုင်းက ယူကရိန်းနိုင်ငံ မြို့တော် Kyiv ကိရ ကို သွားရောက်ပြီး ယူကရိန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီ ပဋိပက္ခမှာ ဘက်မလိုက်ဘဲ ကြားနေအဖြစ်ရပ်တည်ကာ ၂ ဖက် ညှိနှိုင်းနိုင်ရေးအတွက် ဝင်ရောက်ဆောင်ရွက်ပေးတာ ဖြစ်ပြီး နိုင်ငံရေးမူဝါဒအရတော့ ရုရှားအစိုးရကို ထောက်ခံတယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရက ငြိမ်းချမ်းရေးအစီအမံ တင်သွင်းချက်ကို ဖေဖော်ဝါရီလက ထုတ်ပြန်ထားပေမယ့် ယူကရိန်းနဲ့ မဟာမိတ်နိုင်ငံတွေကတော့ ငြင်းပယ်ထားပြီး ရုရှားတပ်တွေ အရင် ဆုတ်ခွာဖို့လိုတယ်လို့ တောင်းဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG