သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး အာဖရိကခေါင်းဆောင်တွေကြိုးပမ်း


တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa 
တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa 

အာဖရိကခေါင်းဆောင်တွေရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ငြိမ်းချမ်းရေးအစီအစဉ် တရပ်ကိုတင်ပြဖို့ ရုရှားနဲ့ယူကရိန်းနိုင်ငံတွေဆီ မကြာခင်သွားရောက်မယ်လို့ တောင်အာဖရိကသမ္မတ စီရဲလ်ရာမာဖိုဆာ (Cyril Ramaphosa) က ပြောပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးတို့နဲ့ သူစကားပြောခဲ့ပြီး နှစ်ဦးစလုံးက အာဖရိကကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံဖို့ သဘောတူထားတယ်လို့ ရာမာဖိုဆာက ပြောပါတယ်။

ဆွေးနွေးပွဲတွေကို ပဋိပက္ခဖြေရှင်းရေး အဓိကထားလုပ်ဆောင်နေတဲ့ လန်ဒန်အခြေစိုက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ Brazzaville ဖောင်ဒေးရှင်းက စီစဉ်ဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။ အစည်းအဝေးတွေ အမြန်ဆုံးကျင်းပဖို့ စတင်ပြင်ဆင်နေပြီလို့ ရာမာဖိုဆာက ပြောပါတယ်။ ကုလသမဂ္ဂနဲ့ အာဖရိကသမဂ္ဂအဖွဲ့တွေရဲ့ အထွေထွေအတွင်းရေးမှူး နှစ်ဦးစလုံးကိုလည်း ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ ငြိမ်းချမ်းရေးအဆိုပြုချက်ကို တောင်အာဖရိက၊ ဇမ်ဘီယာ၊ ဆီနီဂေါ၊ ကွန်ဂိုဘရဇ်ဇာဗီးလ်၊ ယူဂန်ဒါနဲ့ အီဂျစ်နိုင်ငံတွေက ပူးတွဲလုပ်မှာပါ။ ရုရှား-ယူကရိန်း ပဋိပက္ခကို အဖြေရှာရာမှာ အထောက်အကူဖြစ်စေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရပ်ကို တင်ပြကြမှာပါ။

“ကမ္ဘာ့ထောင့်တနေရာမှာ ဖြစ်နေတဲ့ ပဋိပက္ခကြောင့် အာဖရိကတိုက်မှာ သေဆုံးမှု၊ အခြေခံအဆောက်အအုံတွေပျက်စီးမှုလို တိုက်ရိုက်ထိခိုက်တာမျိုး မရှိဘူးဆိုနိုင်ပေမယ့် စားနပ်ရိက္ခာဖူလုံရေးလိုမျိုးတွေမှာထိခိုက်ပြီး ဓာတ်မြေသြဇာဈေးတွေတက်၊ ကောက်ပဲသီးနှံဈေးတွေတက်ပြီး လောင်စာဆီဈေးတွေလည်းတက်သွားတယ်" လို့ တောင်အာဖရိကသမ္မတ ရာမာဖိုဆာက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG