သုံးရလွယ်ကူစေသည့် Link များ

ယူကရိန်းမှာ ရုရှားတို့ လူအခွင့်အရေး ချိုးဖောက်မှု ကုလ ဝေဖန်ဖြစ်တင်


နိုင်ငံတကာအကူအညီပေးရေးဖောင်ဒေးရှင်းကဖွင့်တဲ့သင်တန်းမှာတက်ရောက်နေတဲ့ ယူကရိန်းစစ်ဘေးဒုက္ခသည်ကလေးများ။ (ဖေဖေါ်ဝါရီ ၂၄၊ ၃၀၂၃)
နိုင်ငံတကာအကူအညီပေးရေးဖောင်ဒေးရှင်းကဖွင့်တဲ့သင်တန်းမှာတက်ရောက်နေတဲ့ ယူကရိန်းစစ်ဘေးဒုက္ခသည်ကလေးများ။ (ဖေဖေါ်ဝါရီ ၂၄၊ ၃၀၂၃)

လူမျိုးရေးခွဲခြားမှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို လိုက်နာဖို့ ရုရှားအစိုးရက ပျက်ကွက်နေတယ်လို့ ကုလလူ့အခွင့်အရေးကော်မတီတရပ်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ဒီသဘောတူညီချက်ကိုလက်မှတ်ထိုးခဲ့တဲ့ နိုင်ငံတွေရဲ့အခြေအနေကို ပုံမှန်ဆန်းစစ်တဲ့ လူမျိုးရေးခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလကော်မတီ အစည်းအဝေးကို ရုရှားဘက်က ဥပဒေနဲ့လူ့အခွင့်အရေးပညာရှင် ၃၆ ဦးပါဝင်တဲ့အဖွဲ့ စေလွှတ်ခဲ့တာပါ။ ဒါပေမယ့် ဒီအဖွဲ့ဟာ ၁၈ ဦးပါ ကုလကော်မတီကို ကြေလည်သဘောပေါက်အောင် မစည်းရုံးနိုင်ခဲ့ပါဘူး။ ဒီကော်မတီက အခုအစည်းအဝေးအတွင်း ၆ နိုင်ငံရဲ့အခြေအနေကို သုံးသပ်ရာမှာ ရုရှားနိုင်ငံ အလှည့်ကျရောက်လာတာပါ။

လူမျိုးရေးခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံတွေအနေနဲ့ ဒီစာချုပ်အတိုင်း ဘယ်လောက် လိုက်နာဆောင်ရွက်သလဲဆိုတာကို ဒီကော်မတီက စောင့်ကြပ်သုံးသပ်ရပါတယ်။ အခုလက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ရုရှားတပ်တွေနဲ့ ပုဂ္ဂလိကကြေးစားတပ်တွေဟာ စာချုပ်ပါအချက်ကို သွေဖည်ပြီး အထူးသဖြင့် ယူကရိန်းတိုင်းရင်းသားတွေအပေါ်မှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ ကော်မတီက သုံးသပ်ဖော်ပြပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်စစ်စပြီးကတည်းကဆိုရင် ရုရှားရဲ့ စစ်အင်အားအလွန်အကျွံအသုံးပြုမှု၊ သတ်ဖြတ်မှု၊ တရားလက်လွတ်သတ်ဖြတ်စီရင်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတိုင်ကြားချက်အများအပြား ရရှိခဲ့တယ်လို့ ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ Mehrdad Payandeh က ပြောပါတယ်။ ရုရှားတို့သိမ်းပိုက်လိုက်တဲ့ ယူကရိန်းနယ်မြေထဲကလူတွေ အထူးသဖြင့် ကလေးငယ်တွေကို ရုရှားဘက် အတင်းအကြပ်ပို့ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းအချက်လက်တွေလည်း ရရှိထားတယ်လို့ ကော်မတီဘက်က ပြောပါတယ်။ ဒီအခြေအနေတွေအပေါ် ကော်မတီရဲ့ စိုးရိမ်ချက်တွေကို ရုရှားဘက်က ဖြေရှင်းနိုင်တာ၊ အချက်အလက်ပြန်ပေးပို့တာ မလုပ်ခဲ့ဘူးလို့လည်း အဲဒီ ကော်မတီဝင်က ပြောပါတယ်။

ယူကရိန်းဘက်က ကလေးငယ်အတော်များများကို ရုရှားမိသားစုတွေက မွေးစားအောင် ရုရှားဘက်က ပို့ခဲ့တယ်လို့ ကုလ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပြောနေတာလည်းရှိပါတယ်။ ကလေးတွေကို အခုလို ရုရှားဘက် အတင်းအကြပ်ပို့ဆောင်တာဟာ စစ်ရာဇဝတ်မှုဖြစ်တယ်ဆိုပြီး ရုရှားသမ္မတနဲ့ ရုရှားနိုင်ငံက ကလေးအခွင့်အရေးဆိုင်ရာကော်မရှင်နာမင်းကြီးတို့ကို ICC နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးကလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်အားလုံးကို လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးလုပ်ဖို့ကိုလည်း ကော်မတီအဖွဲ့ဝင်တွေက ရုရှားကို တောင်းဆိုထားပါတယ်။ ကော်မတီရဲ့ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ရုရှားဘက်က တစုံတရာတုံ့ပြန်တာ မလုပ်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG