ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့က ဆေးရုံနဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အသက် ၇၀ အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့နယ် တွေကို ပစ်မှတ်ထားပြီး စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်ထဲက သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေအပေါ် နှစ်ဆန်းကစလို့ စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဒီကနေ့ မနက်ပိုင်းကပဲ မြေပုံ မြို့နယ် ကမ်းထောင်းကြီးမြို့ပေါ်က စာသင်ကျောင်းနဲ့ ဆေးရုံကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အသက် ၇၀ အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအပေါ် ခုလို ဗုံးကြဲနေတာကြောင့် အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရနေတယ်လို့ ရခိုင်စစ်ရေး စောင့်ကြည့်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။
“လွန်ခဲ့တဲ့နှစ်ရက်လောက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ထဲက ယိုးတရုတ်စံပြရွာကြီးကို သူတို့ ဗုံးကြဲတိုက်ခိုက်သွားတယ်၊ အဲမှာလည်း သေဆုံး ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ ဒီဘက် မြေပုံ၊ ကမ်းထောင်းကြီးကိုလည်း ဗုံးကြဲတိုက်ခိုက်တယ်။”
ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်စံပြကျေးရွာမှာရှိတဲ့ စာသင်ကျောင်းနဲ့ဆေးခန်းတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စစ်တပ်ရဲ့ လေကြောင်းက ဗုံးကြဲခဲ့တာမှာ အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၂၄ ဒီဇင်ဘာလထဲ အာရက္ခ တပ်တော် AA သိမ်းပိုက်ခဲ့တဲ့ တောင်ကုတ်နဲ့ ဂွမြို့နယ်အပါအဝင် သံတွဲမြို့ပေါ်တွေကိုလည်း စစ်ကောင်စီလေကြောင်းက ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ဗုံးကြဲနေတာကြောင့် အရပ်သား ၇ ဦးထက်မနည်း သေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရတာတွေလည်း အများအပြားရှိနေတယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်နေသူတဦးကပြောပါတယ်။
“မနေ့ကဆိုရင်လည်း တောင်ကုတ်မြို့ပေါ်မှာရှိတဲ့ စွပ်ပျက်တို့၊ မိုင်ခရိုတို့၊ သပြေတို့ ဒီရွာ တွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်သွားတယ်။ အရပ်သား ၇ ဦးလောက်သေတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိတယ်။ နောက်ပြီးတော့ သံတွဲနဲ့ ဂွမြို့ပေါ်တွေ လည်းကို ဗုံးကြဲတာတွေရှိတယ်။”
ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၇ မြို့နယ်မှာ ၁၄ မြို့နယ်ကို အာရက္ခတပ်တော် AA ဘက်က လက်ရှိမှာ သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ စစ်တပ်တွေ ရှိနေသေးတဲ့ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့နယ်တွေကိုလည်း AA ဘက်က မြို့အဝင်အထွက်အားလုံးကို ပိတ်ဆို့ထားပါတယ်။ လက်ရှိမှာတော့ AAနဲ့ စစ်ကောင်စီကြား ရခိုင်နဲ့ ဧရာဝတီနယ်စပ်မှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရခိုင်အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြထားတာတွေ့ရပေမယ့် အာရက္ခတပ်တော် AA ဘက်က တစုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
Your browser doesn’t support HTML5