မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ၂ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးနေပြီးဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ချောင်းကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့ အခြေအနေ ရန်ကုန်က ပေးပို့ထားပါတယ်။
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် မန္တလေး-မိုးကုတ်လမ်းက ချောင်းကြီးကျေးရွာကို ဇန်နဝါရီ ၂ ရက် ည ၈ နာရီမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် တဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၀ ကျော်ရှိခဲ့ပါတယ်။
ချောင်းကြီးကျေးရွာဟာ စစ်တပ် အခိုင်အမာ တပ်စွဲခဲ့တဲ့ ကျေးရွာတရွာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကျေးရွာ တရွာလည်း ဖြစ်ပါတယ်။ ချောင်းကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ သပိတ်ကျင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံက အခုလို ပြောပြပါတယ်။
"လာကြဲတာတော့ တကြိမ်လာကြဲတာပါ။ ဗုံးသီး ၂ လုံးနဲ့ ကြဲချသွားတာပါ။ သေဆုံးတဲ့သူက ၂ ဦးပါ ၅ နှစ်အမျိုးသမီး ၁ ဦး အသက် ၅၀ ဝန်းကျင် အမျိုးသား ၁ ဦး ၂ ဦးပါ။ နေအိမ်ပျက်စီးတာက ၂၃ လုံးရှိပါတယ်။အပြင်းထန် ဒဏ်ရာရရှိသူ ၁၆ ဦးရှိပါတယ်။ မစိုးရိမ် ဒဏ်ရာရတဲ့သူက ၁၁ ဦးပါ နောက်ထပ်လည်း အတည်ပြုနေပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်အောင် စီစဉ်နေကြပါတယ်။ ပြည်သူတွေက အရပ်သား ပြည်သူတွေကို တိုက်ခိုက်လာလို့ စိုးရိမ်မှုတွေ မြင့်တက်လာတာတော့ ရှိပါတယ်။"
လေကြောင်းတိုက်ခိုက်တာတွေ ဆက်ရှိနိုင်လို့ ချောင်းကြီးကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်ခိုလှုံနေကြတယ်လို့လည်း တိုက်နယ်တာဝန်ခံက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုဟာ ပေါက်ကွဲအား ပြင်းထန်တာကြောင့် နေအိမ်တွေအပြင် မီးသတ်ရုံး လူမှုကယ်ဆယ်ရေးရုံးနဲ့ ကူညီကယ်ဆယ်ရေး ကား ၅ စီးလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ချောင်းကြီးကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းက တိုက်ခိုက်ခံရတာဖြစ်ပြီး ဒီတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အာဏာသိမ်းပြီးနောက် စစ်ရေးအရ အရေးပါတဲ့ ချောင်းကြီးကျေးရွာမှာ စစ်တပ်က ကျေးရွာရဲ့ နေရာ ၃ နေရာလောက်မှာ ခံတပ် ကတုတ်ကျင်းတွေ အခိုင်အမာပြင်ဆင်ပြီး တပ်စွဲနေတာဖြစ်ပါတယ်။
စစ်တပ် တပ်စွဲထားတဲ့ ချောင်းကြီးကျေးရွာကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ချိန် စစ်တပ်ဘက်က လေကြောင်းသုံး ပစ်ခတ်ပြီး အပြင်းထန်ခုခံခဲ့ပေမယ့် ကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။