သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတိုင်းအတွင်း လူငယ်အများအပြားဖမ်းဆီးခံရ


စစ်ကောင်စီထောက်ခံတဲ့ မြင်းခြံမြို့ ပြည်သူ့စစ်အဖွဲ့ဝင်များကိုတွေ့ရစဉ် (နိုဝင်ဘာ ၂၀၊ ၂၀၂၄)
စစ်ကောင်စီထောက်ခံတဲ့ မြင်းခြံမြို့ ပြည်သူ့စစ်အဖွဲ့ဝင်များကိုတွေ့ရစဉ် (နိုဝင်ဘာ ၂၀၊ ၂၀၂၄)

မန္တလေးတိုင်း မြင်းခြံမြို့မှာ သုံးရက်အတွင်း လူငယ် ၂၀ ကျော်ကို စစ်ကောင်စီ ထောက်ခံသူ ပျူစောထီးတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငါန်းဇွန်မြို့မှာလည်း ဖမ်းဆီးခံရတဲ့ ဒေသခံတွေ ရှိနေပါတယ်။ မန္တလေးတိုင်းထဲ အရပ်သားတွေဖမ်းဆီးခံရတဲ့အခြေအနေတွေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်အထိ ၃ ရက်အတွင်း မြင်းခြံမြို့ပေါ်က လူငယ် ၂၀ ကျော်ကို စစ်ကောင်စီ ထောက်ခံတဲ့ ပျူစောထီးတွေက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်တွေဖြစ်ပြီး မနက်ပိုင်းနဲ့ ညနေပိုင်း လဖက်ရည်ဆိုင်ထိုင်နေချိန် ဆိုင်ထဲဝင်ရောက်ဖမ်းဆီးသွားတာလို့ မြင်းခြံလူထု လှုပ်ရှားမှု ကော်မတီက ပြောပါတယ်။

"၂၀ ကျော် ၃၀ ကြားတော့ ဖမ်းခံရတယ်။ လက်ဖက်ရည်ဆိုင်ထဲ ဝင်ဆွဲတာ။ တမြန်မနေ့ကအထိသိတာ၂၃ ယောက်လို့သိထားတာ။ အဲ့ဒါမြို့ပေါ်ပေါ့နော်။ ကျွန်တော်တို့ဆီ သတင်းမရောက်တာတွေလည်း ရှိရင်ရှိနိုင်တာပေါ့။ အသက်တွေက ၂၀ နဲ့ ၃၀ ပတ်ဝန်းကျင် ကြားလောက်တွေဖြစ်မယ်။ မနက်ခင်း ၈-၉-၁၀ နာရီ လဖက်ရည်ဆိုင်တွေမှာ ဝင်ဆွဲတယ်။ ညနေခင်းလည်း လဖက်ရည်ဆိုင်တွေမှာ ဝင်ဆွဲတယ်။ ကားနဲ့ဝင်ဆွဲသွားတာ။ ဆိုင်ကယ်တွေပါရင် ဆိုင်ကယ်တွေကို ထားခဲ့တယ် လူပဲခေါ်သွားတယ်။ သူတို့ စစ်မှုထမ်းဖို့ ခေါ်သွားတာ ကြားတာကတော့ သီတာယုမွန်တို့ဆီကို ခေါ်သွားတယ်ပြောတယ်။ အရင်ကတော့ စစ်မှုထမ်းဖို့ မဲနှိုက်ပြီး အုပ်ကြီးက ခေါ်တာရှိတယ်။ အခုလို နေ့ခင်း နေ့လည် လဖက်ရည်ဆိုင်ထဲ ဝင်ဆွဲတာမရှိဘူး။ အရင်က စီမံချက်ဆို ည ၈ နာရီ ၉ နာရီ ဖမ်းတာဘာညာတော့ရှိတာပေါ့။ အခုလိုမျိုးနေ့ခင်းတွေဘာတွေ လဖက်ရည်ဆိုင်ထဲ ဆွဲတာ အရင်ကမရှိဘူး။"

စစ်ကောင်စီထောက်ခံတဲ့ မြင်းခြံမြို့ ပြည်သူ့စစ်ဦးဆောင်သူ သီတာယုမွန်
စစ်ကောင်စီထောက်ခံတဲ့ မြင်းခြံမြို့ ပြည်သူ့စစ်ဦးဆောင်သူ သီတာယုမွန်

သီတာယုမွန်ကို ဒေသခံတွေက စစ်တပ်ထောက်ခံတဲ့ ပျူစောထီးခေါင်းဆောင်လို့ သတ်မှတ်ထားကြပြီး မြင်းခြံမြို့အနီးက ကျေးရွာတွေကို နယ်မြေရှင်း စစ်ကြောင်းထိုးရာမှာလည်း ပါဝင်သူတဦးလည်း ဖြစ်ပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ လူငယ်တွေရဲ့ မိဘတွေကို ဗွီအိုအေက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် လုံခြုံရေးအခြေအနေအပြင် ဖမ်းဆီးခြင်းခံရတဲ့ ကလေးငယ်ရဲ့ အသက်အန္တရယ်ကို စိုးရိမ်တာကြောင့် ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ လူငယ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

အလားတူ မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့မှာလည်း လမ်းသွားလမ်းလာ အရပ်သားတွေ ဖမ်းဆီးခံရတာတွေရှိနေပါတယ်။ ဒီဇင်ဘာ ၁၃ ရက်က စက်သုံးဆီဝယ်ပြီး ပြန်လာတဲ့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောတာပါ။

"သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေရှိတယ်။ သူတို့က လိုရင်လိုအပ်သလို လမ်းတွေပေါ် ထွက်ပြီးမှ ခရီးသွားပြည်သူကို ဖမ်းတာတွေလုပ်တယ်။ လမ်းပေါ်မှာ ထွက်လာတာတွေကို ဖမ်းတာ။ ငါန်းဇွန် မြို့သာ လမ်းမပေါ် ငါန်းဇွန် မန္တလေး လမ်းမပေါ် အဲ့လိုလမ်းမတွေပေါ်မှာ ထွက်စောင့်ပြီး ဖမ်းတာပဲ။ အမျိုးသမီး ၂ ယောက် အမျိုးသား ၄ ယောက် ပေါင်း ၆ ယောက် စက်သုံးဆီဘာညာက ရှားပါးတော့ တနိုင်တပိုင် ဆိုင်ကယ်နဲ့သယ်တာ။ အဲ့ဒါ ၃ ရက်လောက်ပဲရှိအုံးမယ်။ ဖမ်းထားတာလေ။ အမျိုးသား ၄ ယောက်က ကုလားရွာကလို့ ကြားရတယ်။"

အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့က မြို့နယ်အချို့မှာလည်း စစ်မှုထမ်းဖို့ အတင်းအဓမ္မ ဖမ်းဆီးခံရတာတွေရှိတယ်လို့ လူမှုကွန်ယက် စာမျက်နှာတွေမှာ သတိပေးရေးသားနေကြပါတယ်။ ရန်ကုန်က လူငယ်လူရွယ်တွေ လူသစ်စုဆောင်း ပေါ်တာဆွဲတာတွေများလာတဲ့အတွက် သတိထားကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အသိပေးနေကြပါတယ်။

Forum

XS
SM
MD
LG