စစ်ကိုင်းတိုင်း  ပုလဲနဲ့ တန့်ဆည်ဘက် ကထိန်အလှူကျင်းပချိန် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း  ယင်းမာပင်ခရိုင် ပုလဲမြို့နယ် တောင်ပေါ်အိုင်းမကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရ။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် တောင်ပေါ်အိုင်းမကျေးရွာ ကထိန်ပွဲကျင်းပပြီးချိန် တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် ၄ ဦးသေဆုံးပြီး ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။ တန့်ဆည်မြို့နယ် ဇီးပေါက်ကျေးရွာမှာလည်း ကထိန်အလှူလုပ်ဖို့ ပြင်ဆင်နေချိန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ် အဆောက်အဦးတွေအပြင် စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်။ စစ်ကိုင်းတိုင်းတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာ ၅ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ် တောင်ပေါ် အိုင်းမကျေးရွာကို စစ်တပ်ဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ဒဏ်ရာရတာတွေရှိခဲ့တာပါ။ တောင်ပေါ် အိုင်းမကျေးရွာမှာ မနက်ပိုင်း ကထိန်အလှူပွဲကျင်းပပြီးချိန် ကျေးရွာအနီး တိုက်ပွဲဖြစ်တာမရှိဘဲ တိုက်ခိုက်ခံရတာလို့ လေကြောင်းတိုက်ခိုက်မှု အခြေအနေကိုသိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။ တောင်ပေါ် အိုင်းမကျေးရွာ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးပြောတာကတော့-

"တောင်ပေါ် အိုင်းမပေါ့။ အိုင်းမက ၂ ရွာရှိတယ်။ ညနေ ၃ နာရီခွဲအချိန်မှာ ဂျက်ဖိုက်တာနဲ့ ပစ်ခံလိုက်ရတယ်ခင်ဗျ။ ပထမဆုံးသေသွားတာကတော့ ၃ ယောက်ခင်ဗျ။ ကုသမှုခံယူဖို့သွားရင်းနဲ့ လမ်းမှာ တယောက်ဆုံးရှုံးတယ်။ ၄ ယောက်သေသွားတယ်လို့ သိထားပါတယ်။ ဒဏ်ရာရတာကတော့ ၅ ယောက်ခင်ဗျ။ အိမ်ပျက်စီးတာက သေချာပျက်စီးတာ ၂ လုံးလောက်ပေါ့။ အကုန်လုံးဆို ၅ လုံးလောက်တော့ ပျက်စီးမှာပေါ့။ အကုန်လုံးဆို ဘေးပတ်ဝန်းကျင် အိမ်တွေကောပေါ့။ အိုင်းမရွာက ကထိန်ပွဲ ကျင်းပနေတာလို့ သိထားပါတယ်။ ကထိန်ပွဲကတော့ မနက်ခင်းမနက် ကျင်းပနေတာပေါ့။ ဒါဆို တောင်ပေါ်ဒေသမှာ လာရောက် စစ်ကြောင်းထိုးခြင်း ဖိုက်တာနဲ့ ပစ်ခြင်းတို့ဆိုတာ လုံးဝမရှိဘူး။ ဒီမှာ ဒလန်ရှိတဲ့ အတိုင်းတာကြောင့်လား ဘာလားဆိုတာ စဉ်းစားရခက်နေတာပေါ့။ ကထိန်ရှီတဲ့အချိန်ဆို မနည်းဘူး ဆုံးရှုံးသွားနိုင်တာပေါ့။ သေနိုင်တာပေါ့။"

စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးကြဲချခဲ့ပြီး ၂ လုံးသာ ပေါက်ကွဲခဲ့ကာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံး ကျေးရွာထဲမှာ ကျန်နေတဲ့အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူပဲ တန့်ဆည်မြို့နယ် ဇီးပေါက်ကျေးရွာမှာလည်း နိုဝင်ဘာ ၄ ရက် ညနေပိုင်းက ကထိန်အလှူပွဲလုပ်ဖို့ ပြင်ဆင်နေချိန် စစ်တပ်ဘက်က လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အလှူပွဲကို ဖျက်သိမ်းပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဇီးပေါက်ကျေးရွာသား တဦးက အခုလို ပြောပါတယ်။

"ဒီကနေ့မှ ကျွန်တော်တို့က ကထိန်လုပ်မှာကို အလှူလုပ်ပြီး ကထိန်လုပ်မယ့်ကြားပေါ့ဗျာ။ ညအဲ့အချိန်မှာ ပစ်သွားတာ။ ကထိန်ကတော့ မလုပ်ရတော့ဘူးပေါ့ဗျာ။ လူတွေက ကြောက်ပြီးတော့ ရွာထဲ တယောက်မှ မရှိကြတော့ဘူး အကုန်ပြေးကုန်ကြပြီ။"

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးတာမရှိခဲ့ပေမယ့် အိမ်မွေးတိရစ္ဆာန်အချို့သေဆုံးကာ ကျေးရွာဘုန်းကြီးကျောင်း စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးပေါက်ကျေးရွာဟာ အရင်က လေကြောင်းတိုက်ခိုက်ခံရမှု မရှိခဲ့ပေမယ့် စစ်တပ်ရဲ့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေကြောင့် ဒေသခံတွေဟာ မကြာခဏ ကျေးရွာကို စွန့်ခွါ ထွက်ပြေးရတာတွေရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ဇီးပေါက်ကျေးရွာသား ၂ ဦး သတ်ဖြတ်ခံခဲ့ရပါသေးတယ်။

အခုလို စစ်ကိုင်းတိုင်း ဘက်က ကျေးရွာတွေမှာ ကထိန်အလှူပွဲတွေကျင်းပနေချိန်မှာ စစ်ကောင်စီဘက်က တိုက်ပွဲမရှိပဲ လေကြောင်းတိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပေမဲ့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရှိနေလို့ နယ်မြေရှင်းလင်းရတာဖြစ်တယ်လို့ စစ်ကောင်စီဘက်က အကြောင်းပြလေ့ရှိပါတယ်။