ဒရုန်းနဲ့ စစ်တပ်ဗုံးကြဲလို့ ဗန်းမောက်စစ်ပြေးကလေးငယ်သေဆုံး

ရှမ်းပြည်တောင်ပိုင်း ပင်လောင်း။

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ် အစပ်မှာရှိတဲ့ ဗန်းမောက်ကျေးရွာနားကနေ စစ်ဘေးလွတ်အောင် ထွက်ပြေးကြတဲ့ ပြည်သူတွေအပေါ် စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက်သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ကရင်နီတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအပေါ် စစ်တပ်က ရက်ဆက်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီ ကယ်ဆယ်ပေးနေတဲ့ Karenni Hope အဖွဲ့က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ကယားပြည်နယ်၊ ကရင်နီပြည်မှာ ကရင်နီ KNDF တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေ ဒေသတွေနားမှာ စစ်တပ်နဲ့ KNDF တပ်တွေ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။ အောက်တိုဘာလ ၃၁ ရက် ကြာသပတေးနေ့၊ မနက် ၉ နာရီလောက်ကတော့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ် အစပ်မှာရှိတဲ့ ဗန်းမောက်ကျေးရွာကနေ ထော်လာဂျီနဲ့ ဘေးလွတ်ရာ သွားကြတဲ့ ရွာသူရွာသားတွေ အပေါ် စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ခုလို ပြောပါတယ်။

“စစ်ကောင်စီရဲ့ ဒရုန်းပေါ့နော် ဒီဗန်းမောက်ကျေးရွာမှာ၊ ဗန်းမောက်ကျေးရွာဆိုတာက ကျနော်တို့ ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်အစပ်မှာ ရှိတဲ့ ရွာပေါ့နော် အဲ့ဒါကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ် ၁ ဦး သေဆုံးပြီးတော့မှ ၉ ဦးပေါ့နော်၊ လူထု ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်ဆိုတာတော့ ကျနော်တို့ သတင်းရရှိပါတယ်။”

ဒဏ်ရာရထားတဲ့ ကလေးငယ်တယောက်ကို ဆေးကုသပေးဖို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ Karenni Hope အဖွဲ့က ခေါ်လာစဉ် သေဆုံးသွားတာကိုလည်း Karenni Hope မြေပြင်တာဝန်ခံက VOA ကို ပြောပြပါတယ်။

"အစက လက်နက်ကြီးပဲထင်လိုက်တာ၊ နောက်ပိုင်းကျ ဆန်သယ်နေတဲ့အရှေ့ကို ရဲဘော် နှစ်ယောက်က ဒီကလေးလေးကို သယ်လာတယ်၊ ဆေးခန်းသွားပြမလို့ဆိုပြီးတော့ ဝေးတော့ လမ်းခရီးကလည်းဆိုးတော့ သူတို့နားကို ကျနော်တို့လှည့်ယူလိုက်တယ်ပေါ့နော် အဲ့ကလေးလေးကို ရတယ်လို့ ကျနော်တို့ ကားနဲ့ပဲတင်သွားလိုက်မယ်လို့ ဆိုင်ကယ်နဲ့က အဆင်မပြေလောက်ဘူးလို့ အဲဒါနဲ့ ကျနော်တို့ ပို့လိုက်တော့၊ အနောက်က အသေးစိတ်တွေတော့ မသိရဘူးဗျ၊ ပြောပြတာတော့ ကျနော်တို့ သိရသလောက်က တစ်ယောက် ပွဲချင်းပြီးသေတယ်၊ ၉ ယောက်က ဒဏ်ရာရတယ်။ ပြီးတော့ ဒီကလေးလေးပါရင်တော့ နှစ်ယောက်ပေါ့နော် ဒီကလေးလေး မနေ့က ဆုံးသွားပြီးပြောတယ်။ မနေ့က တိုက်ပွဲမဖြစ်ဘူးဗျ၊ မနေ့က တိုက်ပွဲမဖြစ်ဘူး၊ ပုံမှန်ဆိုရင်တော့ သူတို့ ညနေပိုင်းမှာ လက်နက်ကြီး ဒရုန်းတွေနဲ့ သုံးပြီးတော့ သူတို့က စစ်ကြောင်းထိုးတာပေါ့နော် တိုက်ပွဲတော့ မဖြစ်ဘူး။"

၁၂၀ မမ ဒရုန်းဗုံး ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း ၂ ယောက်သေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ဗန်းမောက်ကျေးရွာထဲက ရွာသူ ရွာသားတွေကို ဘေးလွတ်ရာ ကယ်ထုတ်ပေးပြီး စစ်ဘေးရှောင်အတွက် ကာကွယ်ရေးတပ်တွေက ဆန်ရိက္ခာ သယ်ထုတ်ပေးနေချိန်မှာ မနေ့က ဒရုန်းနဲ့ ဗုံးကြဲခံရတာလို့ မြေပြင်မှာရှိနေတဲ့ Karenni Hope မြေပြင်တာဝန်ခံက VOA ကို ပြောပါတယ်။

“(ရွာခံတွေ)ကုန်ပြီဗျ။ ကျနော်တို့ ကယ်ထုတ်နေတာက နည်းနည်းကြာပြီ၊ ကုန်ပြီ။ မနေ့ကတော့ နောက်ဆုံး(လူတွေ)ကုန်ပြီးတော့မှ အဲ့ဆန်စပါးတွေ သယ်ပေးနေတာပေါ့၊ သူတို့ စားဖို့သောက်ဖို့အတွက် ဟိုဘက်ရောက်လို့ရှိရင် စစ်ရှောင်ရောက်လို့ရှိရင် ခက်ခဲမှာစိုးလို့ ဆိုတော့ သူတို့ ဆန်တွေ စပါးတွေ သယ်ချင်တယ်တဲ့ သယ်ပေးလို့ရလားဆိုပြီး ကျနော်တို့က အခြေအနေ ကြည့်ပြီးတော့ အခြေအနေကောင်းရင် သယ်ပေးမယ်ဆိုပြီးတော့ အဲ့ဒါမနေ့က အဲ့ဒါသယ်ပေးနေတဲ့ အချိန် ဖြစ်သွားတယ်ဗျ”

စစ်ကောင်စီတပ်တွေဟာ ပင်လောင်းလမ်းပိုင်းကနေ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ် နယ်စပ်မှာ စစ်ရေးတင်းမာနေတာ တစ်လကျော်ကြာပြီလို့ ပြောပြပါတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်လေ့ရှိပြီး၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ချောင်းမြောင်းပစ်ခတ်လေ့ရှိတယ်လို့ Karenni Hope မြေပြင်တာဝန်ခံက VOA ကို ပြောပြပါတယ်။

အလားတူ အောက်တိုဘာလ ၂၉ ၊ ၃၀ ရက်နေ့မှာလည်း ပင်လောင်း-ဖယ်ခုံနယ်စပ်က စစ်ကောင်စီတပ်က လတိန်ကျေးရွာကို လေယာဉ်နဲ့ ၂ရက်ဆက်တိုက် ဗုံးကြဲတိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာလည်း အရပ်သားထိခိုက်တာတွေ ရှိနေပါတယ်။ ဒါပေမယ့် ဗုံးကြဲခံရပြီးတဲ့နောက် ချက်ချင်းဆိုသလို ဒေသခံတွေက ဘေးလွတ်အောင် ထွက်ပြေး တိမ်းရှောင်နေပြီး အရပ်သားထိခိုက်တဲ့ အရေအတွက်ကို အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညား က VOA ကို ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ တန်ပြန်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ အထိနာလာရင် အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာလို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

“လတိန်ရွာ အရင်တခေါက် ဗုံးကြဲခံရတဲ့နေရာပဲ၊ အခုလည်း ဒီမှာ ၂ရက်ဆက်တိုက် ထပ်အကြဲခံရတယ်ဆိုတာ အတည်ပြုတယ်ပေါ့နော်။ ထိခိုက်ဒဏ်ရာရတာ နည်းနည်းရှိတယ်။ အဲ့ဒီဘက်မှာ(တိုက်ပွဲ)ဘာမှလည်းမရှိဘူး။ လတိန်ကတော့ ဒီပင်လောင်းမြို့နယ်အစပ်လေး နည်းနည်းနီးတယ်ပေါ့နော်။ ဒါပေမယ့် သိတဲ့အတိုင်းပဲလေ စစ်ကောင်စီက သူတို့အထိနာတယ် မဟုတ်ရင်လည်း သူတို့ ဒီတချို့ရက်တွေမှာ တိုက်ပွဲမရှိတဲ့နေရာမှာ သက်သက်မဲ့ဗုံးကြဲတာလည်း ရှိတယ်နော်၊ ကျနော်ထင်တာကတော့ လုပ်နေကြအတိုင်းပဲ သူတို့ကြဲတယ်လို့ပဲ ပြောလို့ရမယ်ထင်တယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်တုန်းကလည်း လတိန်ကျေးရွာမှာ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် အသက် ၃၀ ကျော် အမျိုးသမီး ၁ဦးသေဆုံးပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ လေယာဉ်ဗုံးကြဲမှုကြောင့် ရှမ်း-ကယားဒေသမှာ စက်တင်ဘာလအတွင်း ကျောင်းနေအရွယ်ကလေးငယ် ၇ ဦးအပါအဝင် ၁၁ ဦးထက်မနည်း သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လတ်တလော ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေဘက်က ဒရုန်းတွေနဲ့ ဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။

Your browser doesn’t support HTML5

ဒရုန်းနဲ့ စစ်တပ်ဗုံးကြဲလို့ ဗန်းမောက်စစ်ပြေးကလေးငယ်သေဆုံး